ဖားဆောင်း ဧပြီ ၁၇
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်တွင် မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် အလှူရှင်များပူးပေါင်း၍ နှစ်စဉ်မပျက် ကျင်းပမြဲဖြစ်သော မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် အသက် ၈၀ နှစ်နှင့်အထက် သက်ကြီးဘိုးဘွားပူဇော်ပွဲကို ယနေ့နံနက် ၈ နာရီက ဖားစည်သံလွင်ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာအိဖြူသွယ်နှင့် ဝန်ထမ်းများက ကျန်းမာရေးစောင့်ရှောက်မှုအနေဖြင့် သွေးပေါင်ချိန်တိုင်းတာခြင်း၊ သွေးတိုး၊ ဆီးချိုစစ်ဆေးပေးခြင်းနှင့်ဆေးဝါးများ ထောက်ပံ့ပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်မြင့်ဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အလှူရှင်များက အဘိုးအဘွားများအား ကန်တော့ချိုးဖြင့် ပူဇော်ကန်တော့ကြပြီး မြို့ပေါ်ရပ်ကွက်နှင့်ကျေးရွာများရှိ အသက်(၈၀)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား ၁၉ ဦးအား တစ်ဦးလျှင် အလှူငွေကျပ်(၅၀၀၀၀)နှင့် ဆေးဝါးပစ္စည်းများ လှူဒါန်းခဲ့ကြသည်။
ထို့နောက် တက်ရောက်လာကြသော အဘိုးအဘွားများကိုယ်စား ဖားဆောင်းမြို့၊ မြောက်ပိုင်းရပ်ကွက်ရှိ အဘိုးဦးစိုင်းကျော်မြင့်မှ ဆုမွန်ချွေသြဝါဒဆုတောင်းစကား ပြောကြားခဲ့ကြောင်းနှင့်တက်ရောက်လာသည့် အဘိုးအဘွားများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ အချိုရေနှင့် မုန့်များဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြောင်း သိရသည်။
နန်းသဲနုအောင်(ဖားဆောင်း)