ထားဝယ် ဧပြီ ၁၇
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် ၁၃၈၅ ခုနှစ်၊ မြန်မာနှစ်ဆန်း(၁)ရက် ဇီဝိတဒါနငါးလွှတ်ပွဲကို ယနေ့နံနက် ၇ နာရီက ထားဝယ်မြို့၊ ဒေါင်းငူ/တံငါရပ်ကွက်၊ ဆိပ်ကမ်းသာဘောတံတား၌ ကျင်းပသည်။
ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်၊ ဒုတိယတိုင်းမှူးဗိုလ်မှူးချုပ် သစ်လွင်ထူး၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်ဒေါ်ပိုက်ပိုက်အေး၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများတို့က ကကတစ်ငါးသားပေါက်များအား ဆိပ်ကမ်းသာဘောတံတားပေါ်မှ ထားဝယ်မြစ်အတွင်းသို့ ကုသိုလ်ပြုဇီဝိတဒါနငါးလွှတ်ပေးခဲ့သည်။
ထို့နောက် အသက်(၉၀)နှစ်အထက် သက်ကြီးဘိုးဘွားပူဇော်ကန်တော့ပွဲအခမ်းအနားကို နံနက် ၉ နာရီအချိန်က သာသနာ့ဗိမာန်တော်ကြီး၌ဆက်လက်ကျင်းပရာ အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက အဘိုးအဘွားများအား ပူဇော်ကန်တော့ခြင်းအကြောင်း အမှာစကားပြောကြားပြီး ဖိတ်ကြားထားသောဧည့်သည်တော်များက အဘိုးအဘွား(၃၅)ဦးအား ပူဇော်ကန်တော့ခဲ့ကြသည်။
ဆက်လက်၍ အဘိုးအဘွားများကိုယ်စားအဘွားတစ်ဦးက ဝမ်းမြောက်စကားပြောကြားပြီး ဆုတောင်းမေတ္တာပို့သ၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမြတ်ကိုနှင့် တာဝန်ရှိသူများက အဘိုးအဘွားများအား အလှူငွေများနှင့် ကန်တော့လက်ဆောင်ပစ္စည်းများပေးအပ်ကာ အဘိုးအဘွားများအား ထားဝယ်ပြည်သူ့ဆေးရုံကြီးမှ ဆရာဝန်များအဖွဲ့က ကျန်းမာရေးဆေးစစ်ကုသပေးသည်။
တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထားဝယ်မြို့နယ်အတွင်းရှိ အသက်(၉၀)နှစ်အထက် အဘိုးအဘွား(၃၇၅)ဦးအား တစ်ဦးလျှင် ၄၀၀၀၀/-စီဖြင့် စုစုပေါင်းငွေကျပ်(၁၆၄)သိန်းအားလည်းကောင်း၊ ကန်တော့ခံအဘိုးအဘွား(၃၅)ဦးအတွက် တိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာနက လှူဒါန်းငွေကျပ်(သုံးသိန်းတစ်ထောင်တိတိ)၊ တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့က လှူဒါန်းငွေကျပ်(၂)သိန်းအားလည်းကောင်း လှူဒါန်းကြပြီး ပူဇော်ပွဲအခမ်းအနားသို့ မတက်ရောက်နိုင်သောအဘိုးအဘွားများအား တာဝန်ရှိသူများက အိမ်တိုင်ရာရောက်အလှူငွေများနှင့် ကန်တော့လက်ဆောင်ပစ္စည်းများ ပေးအပ်မှာဖြစ်ကြောင်း သတင်းရရှိသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)