ကံမ ဧပြီ ၁၇
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် မြန်မာနှစ်ဆန်း(၁)ရက်နေ့ ယနေ့နံနက်(၉)နာရီအချိန် ကံမမြို့၊ အမှတ်(၃)ရပ်ကွက် မဒေးဝရပ်၌ ဇီဝိတဒါနငါးလွှတ်ပွဲကို ပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္က ဦးအုန်းဌေးနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများက ဧရာဝတီမြစ်အတွင်းသို့ ငါးသားပေါက်များ လွှတ်ပေးခဲ့ကြသည်။
ဆက်လက်၍ ကံမမြို့၊ အမှတ်(၂)ရပ်ကွက်၊ မြို့နယ်ခန်းမ၌ ယနေ့နံနက်(၁၀)နာရီအချိန်၌ သက်ကြီးပူဇော်ပွဲကိုပြုလုပ်ရာ နမောတဿ(၃)ကြိမ်ရွတ်ဆို၍ အခမ်းအနားဖွင့်လှစ်ပြီး မြို့ပေါ်ရပ်ကွက်များရှိ အသက်(၈၅)နှစ်နှင့်အထက် အဘိုး(၁၃)ဦး အဘွား(၄၁)ဦး စုစုပေါင်း ဘိုးဘွား(၅၄)ဦးတို့အား တက်ရောက်လာကြသည့် ဧည့်ပရိတ်သတ်များက ဩကာသ ကန်တော့ချိုးဖြင့် ရှိခိုးကန်တော့ခဲ့ကြသည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္က ဦးအုန်းဌေးနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဝန်ထမ်းများ အလှူရှင်များက ဘိုးဘွားများအား အလှူငွေနှင့်လှူဖွယ်ပစ္စည်းများ ပေးအပ်လှူဒါန်းခဲ့ကြပြီး ကန်တော့ခံ ဘိုးဘွားများကိုယ်စား အဘိုးတစ်ဦး အဘွားတစ်ဦးတို့က ဆုပေးစကားများ ပြောကြား၍ ဗုဒ္ဓသာသနံ စိရံတိဌတု(၃)ကြိမ်ရွတ်ဆိုကာ အခမ်းအနား ရုတ်သိမ်းခဲ့ကြောင်း သိရသည်။
ကျော်ဇေယျဝင်း(ကံမ)