မြိတ် ဧပြီ ၁၇
၁၃၈၅ ခုနှစ် မြန်မာနှစ်ဆန်း(၁)ရက်နေ့ နှစ်သစ်မင်္ဂလာအချိန်အခါတွင် မြန်မာတစ်နိုင်ငံလုံး၌ ကုသိုလ်ကောင်းမှုများ ပြုလုပ်လျက်ရှိကြရာ တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့၌ နှစ်သစ်ကူး ဇီဝိတဒါနစုပေါင်းငါးလွှတ်ခြင်းနှင့် သက်ကြီးဘိုးဘွားများပူဇော်ကန်တော့ပြီး ကျန်းမာရေးစစ်ဆေးပေးကာ လက်သည်းခြေသည်းညှပ်ပေးခြင်းကို ယနေ့နံနက်ပိုင်းက ကုသိုလ်ပြုဆောင်ရွက်ခဲ့ကြသည်။
ရှေးဦးစွာ ဇီဝိတဒါနစုပေါင်းငါးလွှတ်ခြင်းကို ဆိပ်ငယ်ဗောတံတားတွင် ပြုလုပ်ကြရာ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်စောသန်းလှိုင်၊ မြိတ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဉာဏ်ဇော်နှင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြ၍ ဗောတံတားမှမြိတ်ကမ်းနား ရေပြင်သို့ ကကတက်သားပေါက် အကောင်ရေ(၁၈၀၀၀)၊ ကဏန်းအကောင်ရေ(၉၀၀)တို့ကို ဇီဝိတဒါနအဖြစ် တပျော်တပါး ကုသိုလ်ပြု လွှတ်ပေးခဲ့ကြသည်။
ထို့နောက် ကလွင်ကျေးရွာရှိ တောင်သာယာ ဘိုးဘွားရိပ်သာသို့ မြိတ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများကသွားရောက်၍ ဘိုးဘွားများအား မြိတ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌက ပူဇော်ကန်တော့လွှာလျှောက်ထားပြီး ပူဇော်ကန်တော့ချိုးများဖြင့် ကန်တော့ကြကာ ဘိုးဘွားများ၏ ဆုပေးစကားနှင့် ဆုတောင်းမေတ္တာပို့သမှုကိုခံယူခဲ့ကြ၍ ဘိုးဘွားများအား အင်္ကျီ၊ လုံချည်နှင့် ကန်တော့ငွေများဖြင့် ကန်တော့ခဲ့ကြသည်။
ဆက်လက်၍ ဘိုးဘွားများ၏ အထွေထွေရောဂါ၊ မျက်စိ၊ နား၊ နှာခေါင်း၊ သွားရောဂါများကို မြိတ်ပြည်သူ့ဆေးရုံဆေးရုံအုပ်ကြီး၊ သမားတော်နှင့်အထူးကုဆရာဝန်ကြီးများက ကျန်းမာရေးစစ်ဆေး ကုသပေးကြရာ တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြပြီး ဘိုးဘွားများအား လက်သည်းခြေသည်းညှပ်ပေးခြင်း ကုသိုလ်ကောင်းမှုများကို စုပေါင်းပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ခိုင်ထူး ( ပြန်/ဆက် )