မုံရွာ၊ ဧပြီ ၁၇
စစ်ကိုင်းတိုင်းဒေသကြီး ၁၃၈၅-ခုနှစ် မြန်မာနှစ်ဆန်းတစ်ရက်နေ့ ဇီဝိတဒါနငါးလွှတ်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက မုံရွာမြို့ အရှေ့ဘက် ကန်သာယာကန်အတွင်း ကျင်းပပြုလုပ်ရာ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမြတ်ကျော်နှင့် ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများ၊ နိုင်ငံကျော်အနုပညာရှင်များနှင့် တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ ဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ စစ်ကိုင်းတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူးက ဇီဝိတဒါန ငါးလွှတ်ရခြင်းနှင့်စပ်လျဥ်ပြီး ဇီဝိတဒါနငါးလွှတ်ခြင်းများကို ယဥ်ကျေးမှုအစဥ်အလာများအရ နှစ်စဥ်ငါးလွှတ်၍ ကုသိုလ်ပြုရာတွင် မြန်မာ့ယဥ်ကျေးမှုအရ ဘေးမဲ့လွှတ်ခြင်းဖြင့် နှစ်ဦးကာလတွင် ဒါနကုသိုလ်များရရှိရန်၊ နှစ်သစ်အခါသမယတွင် ကောင်းမှု ကုသိုလ်ကောင်းကျိုးများ ပေါ်ပေါက်လာစေရန်နှင့် ငါးသယံဇာတများ ပေါကြွယ်ဝစေရန်နှင့် ငါးမျိုးများပြန့်ပွားလာစေရန် ရည်ရွယ်ပြီးအခုလို ဇီဝိတဒါနအဖြစ် ငါးလွှတ်ပေးခြင်းဖြစ်ကြောင်း ရှင်းလင်းတင်ပြခဲ့သည်။
ဆက်လက်ပြီး တက်ရောက်လာကြသော တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ နိုင်ငံကျော် အနုပညာများနှင့် တာဝန်ရှိသူတို့မှ မုံရွာမြို့ အရှေ့ဘက်ကန်သာယာကန်အတွင်းသို့ ရွှေဘိုငါးလုပ်ငန်းစခန်းမှ ၂ လက်မအရွယ် ငါးမြစ်ချင်းငါးသားပေါက် ကောင်ရေ(၂)သိန်းနှင့် ငါးခုံးမကြီးငါးသားပေါက်ကောင်ရေ(၁)သိန်း စုစုပေါင်းငါးသားပေါက် ကောင်ရေ(၃)သိန်း အား ဇီဝိတဒါနငါးလွှတ်ပေးခဲ့ကြောင်း သတင်းရရှိသည်။
ခရိုင်(ပြန်/ဆက်)