ရွှေတောင်မြို့၌ သက်ကြီးဘိုးဘွားများအား ပူဇော်ပွဲကျင်းပ

ရွှေတောင် ဧပြီ ၁၇

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့တွင် မြန်မာနှစ်ဆန်းတစ်ရက်နေ့၌ နှစ်စဥ်ကျင်းပလျက်ရှိသော သက်ကြီးဘိုးဘွားများအား ပူဇော်ပွဲကို ယနေ့နံနက် ၈ နာရီက ရွှေတောင်မြို့နယ်၊ ကြို့ကုန်းကျေးရွာ၊ ဘိုးဘွားရိပ်သာ၌ ကျင်းပခဲ့သည်။

ထိုသို့ ကျင်းပရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟံဝင်းအောင်ဦးဆောင်ပြီး မြို့နယ်ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များက မြို့ပေါ်(၃)ရပ်ကွက်မှ အသက်(၈၅)နှစ်အထက် ဘိုးဘွား(၂၄)ဦးအား တစ်ဦးလျှင်အလှူငွေ ၁၀၀၀၀/-ကျပ်နှုန်းဖြင့်လည်းကောင်း၊ ကြို့ကုန်းဘိုးဘွားရိပ်သာရှိ ဘိုးဘွား(၂၀)ဦးအား တစ်ဦးလျှင် အလှူငွေ ၁၀၀၀၀/-ကျပ်နှင့် (ပရုပ်ဆီ၊ အစာကြေဆေး၊ ဆပ်ပြာ၊ မိုင်လို၊ လက်ဖက်ခြောက်) ၆၀၀၀/-နှုန်းဖြင့်  စုစုပေါင်းတန်ဖိုးငွေကျပ် ၅၆၀၀၀၀/-ကို ဘိုးဘွားများအား ပူဇော်ကန်တော့ခဲ့ကြပြီး ဘိုးဘွားများ၏ကိုယ်စား အဘိုးတစ်ဦးက ဆုပေးမေတ္တာ စကားပြောကြားခဲ့ကြောင်း သိရသည်။

ကိုကိုမင်း(ပြန်/ဆက်)