မယ်စဲ့ ဧပြီ ၁၇
ကယားပြည်နယ်၊ မယ်စဲ့ခရိုင်၊ မယ်စဲ့မြို့နယ်တွင် ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် အလှူရှင်များ ပူးပေါင်း၍နှစ်စဉ်မပျက် ကျင်းပမြဲဖြစ်သော မြန်မာနှစ်ဆန်းတစ်ရက်နေ့ သက်ကြီးပူဇော်ပွဲကို ယနေ့နံနက် ၉ နာရီက မြို့နယ်ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြတ်စိုးနှင့် ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းထွန်းလတ်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အလှူရှင်များက အဘိုးအဘွားများအား ကန်တော့ချိုးဖြင့် ပူဇော်ကန်တော့ကြပြီး မြို့ပေါ်ရပ်ကွက်မှ အသက် ၇၀ နှစ်နှင့်အထက် သက်ကြီးဘိုးဘွား ၁၉ ဦးအား တစ်ဦးလျှင် အလှူငွေကျပ် ၃၅၀၀၀ နှင့် ကျန်းမာရေးဌာနမှ ဆေးဝါးပစ္စည်းများကို လှူဒါန်းခဲ့ကြသည်။
ထို့နောက် အဘိုးတစ်ဦးမှ ဆုတောင်းပဓာနာပြုစကားပြောကြားပြီးနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ သက်ကြီးဘိုးဘွားများအား မုန့်၊ အချိုရည်များနှင့် ဧည့်ခံကျွေးမွေးခြင်းနှင့် ကျန်းမာရေးဌာနမှ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဝတ်ရည်(မယ်စဲ့)