ကြာအင်းဆိပ်ကြီးမြို့နယ်၌ သက်ကြီးဘိုးဘွားများအား စုပေါင်းကန်တော့

ကြာအင်းဆိပ်ကြီး ဧပြီ ၁၇

၁၃၈၅ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၃ ရက်၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့၌ မြန်မာ့ရိုးရာအစဉ်အလာမပြတ် စေတနာရှင်များ၊ ဌာနဆိုင်ရာများနှင့် မြို့သူမြို့သားများမှ အသက်အရွယ်အားဖြင့် ကြီးမားသောအသက်(၈၅)နှစ်နှင့်အထက် အဘိုးအဘွားများအား ပူဇော်ကန်တော့ခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့ အမှတ်(၅)ရပ်ကွက်ရှိ မြို့လယ်သာသနာ့ဗိမာန်တော်ကြီးတွင် ဖိတ်ကြားပူဇော်ကန်တော့ကြောင်း သိရသည်။

အဆိုပါသက်ကြီးဘိုးဘွားများအား ပူဇော်ကန်တော့ကို ရှေးဦးစွာစေတနာရှင်များမှ ဩကာသရွတ်ဆိုကန်တော့ကြပြီး ကန်တော့ခံအဘိုးတစ်ဦးမှ ဆုတောင်းမေတ္တာစကားပို့သသည်။ ထို့နောက်ကြာအင်းဆိပ်ကြီးမြို့ပေါ်ရှိ အသက်(၈၅)နှစ်နှင့်အထက် အဘိုးအဘွားများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ဌာနဆိုင်ရာတာဝန်ရှိသူများ ဝန်ထမ်းများနှင့် စေတနာရှင်မြို့သူမြို့သားများမှ ပူဇော်ဝတ္ထုပစ္စည်းများနှင့် အလှူငွေခြောက်သောင်းကျပ်အား စုပေါင်းလှူဒါန်းပူဇော်ကန်တော့ခဲ့ကြောင်း သိရရှိသည်။

၎င်းသက်ကြီး အဘိုး၊ အဘွား အသက်(၈၅)နှစ်နှင့်အထက် အဘိုး၊ အဘွားများအား ကြာအင်းဆိပ်ကြီးမြို့ပေါ်၌ (၃၅)ဦးရှိပြီး ဖိတ်ကြားကန်တော့ခံနိုင်ရေးအခမ်းအနားတွင် လာရောက်ကန်တော့ခံနိုင်ခြင်းမရှိသော အဘိုးအဘွားများအား အိမ်တိုင်ရာရောက် သွားရောက်ပြီး လှူဒါန်းပူဇော်ကန်တော့ခဲ့ကြောင်း သိရသည်။

မျိုးမင်းဦး ပြန်/ဆက်