သာယာဝတီခရိုင် မြန်မာ့ရိုးရာမဟာသင်္ကြန်ဗဟိုမဏ္ဍပ် ပိတ်ပွဲအခမ်းအနားကျင်းပ

သာယာဝတီ  ဧပြီ ၁၇

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၊ လွတ်လပ်ရေးကျောက်တိုင်ကွင်၌ ၁၃၈၄ ခုနှစ်မြန်မာ့ရိုးရာမဟာသင်္ကြန်ဗဟိုမဏ္ဍပ်ပိတ်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၄ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

အဆိုပါအခမ်းအနားသို့ သာယာဝတီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစန်းဝင်းမှ နှစ်သစ်ကူးနှုတ်ခွန်းဆက်စကား​ပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဆန်းဟိုက ကျေးဇူးတင် စကားပြောကြားသည်။ ယင်းနောက် ပထမ၊ဒုတိယ၊တတိယဆုရရှိသောယိမ်းအဖွဲ့များအား တာဝန်ရှိသူများက ဂုဏ်ပြုဆုငွေများ အသီးသီးချီးမြှင့်ပေးအပ်ခဲ့​သည်။

ဆက်လက်၍ ယိမ်းအဖွဲ့များမှ "မန်းတောင်ရိပ်ခို"တေးသီချင်းဖြင့်ဖျော်ဖြေကပြခဲ့ပြီး သင်္ကြန်ယိမ်းအဖွဲ့များနှင့်စတိတ်ရှိုးကဏ္ဍများ၏ ဧည့်ခံသီဆို ဖျော်ဖြေနေမှုများကို ခရိုင်နှင့်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် ခရိုင်/မြို့နယ်ဌာနဆိုင်ရာများနှင့်ဒေသခံပြည်သူသူများက ကြည့်ရှုအားပေးခဲ့ကြသည်။

ပိတ်ပွဲအခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးစန်းဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းဟိုနှင့်အဖွဲ့ဝင်များ ဖိတ်ကြားထားသည့် ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့်ဝန်ထမ်းများ၊ ရပ်မိရပ်ဖများ၊ ဒေသခံပြည်သူများတက်ရောက်ခဲ့ကြ​သည်။

သာယာဝတီမြို့တွင် ကျင်းပသည့် ၁၃၈၄ ခုနှစ် မြန်မာရိုးရာမဟာသင်္ကြန်ပွဲတော်၌ ဒေသခံပြည်သူများအေးချမ်းပျော်ရွှင်စွာပါဝင်ဆင်နွှဲခဲ့ကြကြောင်းသိရသည်။

သန့်ဇော် (ခရိုင်ပြန်/ဆက်)