ဟင်္သာတမြို့နယ်တွင် ၁၃၈၄ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန် ရေသဘင်ပွဲတော် ပိတ်ပွဲ အခမ်းအနားကျင်းပ

ဟင်္သာတ ဧပြီ ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ် ဥယျာဉ်မြောက်ရပ်ကွက်၊ အာဇာနည်ပန်းခြံလမ်းရှိ ဟင်္သာတခရိုင် ဗဟိုမဏ္ဍပ်တွင် ၁၃၈၄ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ရေသဘင်ပွဲတော် ပိတ်ပွဲအခမ်းအနားကို ယမန်နေ့ညနေ ၄နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မဟာသင်္ကြန်ရေသဘင်ပွဲတော် ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းက ၁၃၈၄ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ရေ သဘင်ပွဲတော် ပိတ်သိမ်းကြောင်း နှုတ်ခွန်းဆက်အမှာစကားပြောကြားခဲ့ပြီးနောက် သင်္ကြန်အက အလှယိမ်းအဖွဲ့(၉)ဖွဲ့အား ခရိုင်ဥက္ကဋ္ဌ နှင့်သက်ဆိုင်ရာတာဝန်ရှိသူများမှ ဆုများအသီးသီး ချီးမြှင့်ခဲ့ကြသည်။ ထို့နောက်  မြူမှောင်ဝေကင်း သီချင်းဖြင့် သီဆိုဖျော်ဖြေကာ ယိမ်းအဖွဲ့များ၊ မဟာသင်္ကြန်ပွဲတော်ပိတ်ပွဲအခမ်းအနားလာရောက်ကြသော ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ပြည်သူများက ပျော်ရွှင်စွာရေကစားခြင်းများပြုလုပ်ကာ ဟင်္သာတခရိုင် မဟာသင်္ကြန်ပွဲတော်ဗဟိုမဏ္ဍပ် ပိတ်ပွဲကို အောင်မြင်စွာ ကျင်းပခဲ့ကြောင်းသိရသည်။

ခရိုင်ပြန်ဆက်(ဟင်္သာတ)