တောင်ငူ အောက်တိုဘာ ၂
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ တောင်ငူမြို့နယ်အတွင်း မဲဆန္ဒရှင် ပြည်သူများ ဘေးကင်းလုံခြုံစွာ ဆန္ဒမဲပေးနိုင်ရေးအတွက် ယနေ့နံနက်ပိုင်းက တောင်ငူခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ရုံး မြေစိုက်နံရံကပ် ပြဘုတ်နှင့် ခရိုင်ပြည်သူ့ စာကြည့်တိုက် အဝင်ပေါက်တွင် အများပြည်သူများ ကြည့်ရှုလေ့လာနိုင်ရန် ပြသထားလျက် ရှိကြောင်း သိရသည်။
အဆိုပါ မြေစိုက်နံရံကပ်ပြဘုတ်၌ မဲဆန္ဒရှင်ပြည်သူများအတွက် ဘေးကင်းလုံခြုံစွာ ဆန္ဒမဲပေးနိုင်မည့် အချက်အလက်များ၊ မဲဆန္ဒရှင်စာရင်းတွင် အမည်စာရင်း ပါရှိခြင်း ရှိမရှိကို အွန်လိုင်းမှတဆင့် စစ်ဆေးကြည့်ရှုနိုင်မည့် အချက်များ၊ မဲဆန္ဒရှင်ပြည်သူများ ရွေးကောက်ပွဲ ကျင်းပသည့်နေ့၌ မဲဆန္ဒရှင်အမည်စာရင်းကို အလွယ်တကူရှာတွေ့နိုင်မည့် ရိုးရှင်းသည့် အချက်အလက်များ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနှင့်အညီ ဘေးကင်းလုံခြုံစွာ ဆန္ဒမဲပေးနိုင်မည့် အချက်အလက်များ၊ မဲရုံအတွင်း ဘေးကင်းလုံခြုံမှုရှိစေရန် မိမိကိုယ်တိုင် ကူညီဆောင်ရွက်နိုင်မည့် အချက်အလက်များ စသည့် အသိပညာပေး အချက်အလက်များအား အများပြည်သူများ လေ့လာ ကြည့်ရှုနိုင်ရန် ပြသထားကြောင်း သိရသည်။
ဇော်ထက် (တောင်ငူ)