ကန့်ဘလူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူးကျင်းပသော မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန် ပွဲတော် သင်္ကြန်အတက်နေ့ ဆုပေးပွဲနှင့်ပိတ်ပွဲအခမ်းအနားကျင်းပ

ကန့်ဘလူ ဧပြီ ၁၇

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့၌ ၁၃၈၄ ခုနှစ် မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ဆုပေးပွဲနှင့်ပိတ်ပွဲအခမ်းအနားကို ဧပြီ ၁၇ ရက်(သင်္ကြန်အတက် နေ့)ညနေပိုင်းတွင် ကန့်ဘလူမြို့ အမှတ် (၄)ရပ်ကွက် ဗိုလ်ချုပ်လမ်းအရှေ့ဘက် စည်ပင်သာ ယာခန်းမအနီးရှိ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဗဟိုမဏ္ဍပ်၌ ကျင်းပရာအခမ်းအနားသို့ ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးရွှေအောင်၊ အမှတ်(၂)နည်းဗျူဟာမှူး ဗိုလ်မှူးကြီးသန်းစိုး၊ ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ ၊ပြိုင်ပွဲဝင် ယိမ်းအဖွဲ့ ၁၅ ဖွဲ့တို့ တက်ရောက်ကြသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဘုန်းထက်နိုင်မြင့်က တတိယဆုရရှိသည့် လှယဥ်ကျေးယိမ်းအဖွဲ၊ အမှတ်(၂)နည်းဗျူဟာမှူး ဗိုလ်မှူးကြီးသန်းစိုးက ဒုတိယဆုရ တန်ခူးမေယိမ်းအဖွဲ့နှင့်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးရွှေအောင်က ပထမဆုရရှိသည့် မြို့မ ယိမ်းအဖွဲ့တို့အား ဆုများအသီးသီးချီးမြှင့် ပေးအပ်ကြသည်။

ဆက်လက်၍ မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ယိမ်းအကပြိုင်ပွဲဝင် ယိမ်းပျိုဖြူအဖွဲ့ များအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက ဂုဏ်ပြု ဆုငွေများ ချီးမြှင့်ပေးအပ်ပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ပိတောက်ရွှေဝါတီးဝိုင်းအဖွဲ့နှင့် ကျွန်းလှမြို့မှစက်အဖွဲ့တို့အား ဂုဏ်ပြု ဆုငွေများ ချီးမြှင့်ပေးအပ်ခဲ့သည်။

ထို့နောက် ပထမ၊ ဒုတိယ နှင့်တတိယဆုရရှိကြသော ယိမ်းပျိုဖြူအကအဖွဲ့များက အကအလှများ၊ တေးသီချင်းများဖြင့် ဖျော်ဖြေခဲ့ကြကြောင်းသိရသည်။

အဆိုပါ မဟာအတာသင်္ကြန်အတက်နေ့ နံနက်ပိုင်းနှင့်ညနေပိုင်းတို့တွင်ဗဟိုမဏ္ဍပ်၌ ပြိုင်ပွဲဝင် ယိမ်း ပျိုဖြူအကအဖွဲ့များက အကအလှများ၊ တေးသီးချင်းများ၊ ခေတ်ပေါ်တေးသီးချင်းများဖြင့် ဧည့်ခံဖျော်ဖြေခဲ့ရာ လာရောက်ကြည့်ရှုကြသူများ၊ ရေပက်ကစားကြသူများဖြင့်ယခင်နေ့များ ကထက် ပိုမိုများပြားစည်ကားခဲ့ကြောင်း သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)