ကျုံပျော်မြို့ ဗဟိုမဏ္ဍပ်ပိတ်ပွဲနှင့် သင်္ကြန်ယိမ်းအကပြိုင်ပွဲဆုပေးပွဲ ကျင်းပပြုလုပ်

ကျုံပျော် ဧပြီ ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်၏ ၁၃၈၄ ခုနှစ်၊ မဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်ပိတ်ပွဲနှင့် သင်္ကြန်ယိမ်းအကပြိုင်ပွဲ ဆုပေးပွဲကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့ရှိဗဟိုမဏ္ဍပ်၌ ယမန်နေ့ ညနေ ၄ နာရီအချိန်က  စည်ကားစွာကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ဒိုင်အဖွဲ့ဝင်များက ဆုရရှိသည့်ပြိုင်ပွဲဝင်ယိမ်းအဖွဲ့များအားကြေငြာပြီး ကျုံပျော်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁)ဒုတိယဗိုလ်မှူးကြီးဟိန်းမောင်မြင့်က ပထမဆုရရှိသည့် ပင်လုံနှင့်မြဝတီရပ်ကွက် ယိမ်းအဖွဲ့ကို လည်းကောင်း၊ အဖွဲ့ဝင်(၂)ဦးရန်နိုင်ဝင်းက ဒုတိယဆုရရှိသည့် ပညာရေးမိသားစုယိမ်းအဖွဲ့ကိုလည်းကောင်း၊ ကျုံပျော်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇေယျမင်းက တတိယဆုရရှိသည့် တေဇရပ်ကွက်ယိမ်းအဖွဲ့ကိုလည်းကောင်း ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီး ကျန်ယိမ်းပြိုင်ပွဲဝင်အဖွဲ့များအား တာဝန်ရှိသူများက နှစ်သိမ့်ဆုများပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ထို့နောက် အိမ်မက်စေတမန်သီချင်းဖြင့် သင်္ကြန်ယိမ်းအဖွဲ့များက စုပေါင်းကပြဖျော်ဖြေရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁)ဒုတိယဗိုလ်မှူးကြီး ဟိန်းမောင်မြင့်နှင့် တာဝန်ရှိသူများက အမွှေးနံ့သာရည်များဖြင့် လိုက်လံပက်ဖျန်းပေးကြပြီး ဗဟိုမဏ္ဍပ်ပိတ်ပွဲအား ကျင်းပပြုလုပ်ခဲ့ကြသည်။ ဆက်လက်၍ အတာရေသဘင်ပွဲ လာရောက်ဆင်နွဲကြသူများအား စတိတ်ရှိုးတေးဂီတဖြင့် တပျော်တပါး သီဆိုကာ ဆက်လက်ဖျော်ဖြေခဲ့ကြကြောင်း သိရသည်။

လပြည့်ဦး(ပြန်/ဆက်)