မုံရွာမြို့ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်အတက်နေ့ ပြည်သူများ စိတ်ချမ်းမြေ့ပျော်ရွှင်စွာ ပွဲတော်ဆင်နွှဲခဲ့ကြသူများ များပြား

မုံရွာ ဧပြီ ၁၆

၁၃၈၄-ခုနှစ်၊ ၂၀၂၃-ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ပွဲကို စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့၊ ဗိုလ်ချုပ်လမ်း ကန်သာယာတွင် ကျင်းပပြုလုပ်လျက်ရှိရာ ယနေ့မဟာသင်္ကြန်ပွဲတော် အတက်နေ့တွင်လည်း ယခင်ရက်များထက် ပါဝင်ဆင်နွှဲကြသည့်သူများ ပိုမိုများပြားကာ စည်ကားလျက်ရှိကြောင်း သိရသည်။

 “သင်္ကြန်ပွဲတော်ကို  ခုလိုဆင်နွှဲခွင့်ရတာပျော်ပါတယ်။  ရုပ်ရှင်မင်းသားမင်းသမီးတွေ‌ ဖျော်ဖြေတာလည်းတွေ့ရတယ်။ အဆိုတော်တွေ ဖျော်ဖြေတာလည်းတွေ့ရတယ်။ နောက်ပြီး စတုဒီသာမဏ္ဍပ်တွေမှာလည်း မနက်ကတည်းက စားသောက်ဖွယ်ရာတွေ၊ ထမင်းတွေ ကျွေးလို့ ဝမ်းသာစရာပါ။ ဗဟိုမဏ္ဍပ်မှာ တအားစည်တယ်။ တခြားမဏ္ဍပ်တွေမှာလည်း ဖျော်ဖြေရေးအစီအစဉ်တွေနဲ့၊ ဧည့်ခံကျွေးမွေးတာတွေနဲ့ ဆိုတော့ လူကတော့ အတော်စည်ပါတယ်" ဟု သင်္ကြန်ပွဲတော်လာရောက်ဆင်နွှဲတဲ့ ဒေသခံတစ်ဦးက ပြောပြပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ကန်သာယာဝန်းကျင်၌ ကျင်းပသည့် ၂၀၂၃-ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်တွင် သင်္ကြန်အကြို၊ အကျ၊ အကြတ်၊ အတက်နေ့များ၌ ဗဟိုမဏ္ဍပ်နှင့် မဏ္ဍပ်ကြီး ၄ ခုတို့တွင် ယိမ်းအဖွဲ့များက သင်္ကြန်ယိမ်းအက၊ တပင်တိုင်အကများဖြင့် ကပြဖျော်ဖြေခြင်း၊ ယှဉ်ပြိုင်ကပြခြင်းများကို ဆောင်ရွက်ခဲ့ကြပြီး နေ့စဉ်သင်္ကြန်အစားအစာများ၊ ထမင်းနှင့်ဟင်းမျိုးစုံတို့ဖြင့် စတုဒီသာကျွေးခြင်းများဖြင့် ကုသိုလ်ပြုခဲ့ကြကြောင်း သိရပြီး ဗဟိုမဏ္ဍပ်တွင်နေ့အလိုက် ပြိုင်ပွဲဝင်ယှဉ်ပြိုင်ကပြဖျော်ဖြေခဲ့ကြသည့် ယိမ်းအဖွဲ့များ၊ တပင်တိုင်အကအဖွဲ့များအား ညနေပိုင်းတွင် ဆုချီးမြင့်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ခရိုင် (ပြန်/ဆက်)