၂၀၂၃ ခုနှစ်၊ မကွေးတိုင်းဒေသကြီး မြန်မာ့ရိုးရာမဟာသင်္ကြန် အတက်နေ့ကမ်းနားလမ်းရှိ ရေသဘင် မဏ္ဍပ်များတွင် ပြည်သူများ လွတ်လပ်ပျော်ရွှင်စွာရေကစားသူများဖြင့် စည်ကားလျက်ရှိ

မကွေး ဧပြီ ၁၅

မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ မကွေးတိုင်းဒေသကြီး မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ကို မကွေးမြို့ကမ်းနားလမ်းရှိ သင်္ကြန်မဏ္ဍပ်များတွင် အေးချမ်းပျော်ရွှင်စွာ ကျင်းပလျက်ရှိရာ မဟာသင်္ကြန်အတက်နေ့ ယနေ့နံနက်(၉)နာရီအချိန်က  တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်သည် အနောက်ပိုင်းလေတပ်ကွပ်ကဲမှုဌာနချုပ်မှူး ဗိုလ်မှူးချုပ်ထွန်းဝင်း၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဦးစိန်ထွန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ကမ်းနားလမ်းရှိ ဗဟိုမဏ္ဍပ်နှင့် ဝန်ကြီးဌာနအလိုက် မဏ္ဍပ်များတွင် ပြည်သူများ လွတ်လပ်ပျော်ရွှင်စွာ ရေကစားနေမှုအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကြည့်ရှုအားပေးရာတွင် ရှေးဦးစွာ တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးဌာန မိသားစုရေသဘင်မဏ္ဍပ်သို့ ရောက်ရှိရာ ဝန်ကြီးဌာအောက်ရှိ ဌာနဆိုင်ရာအသီးသီးမှ သင်္ကြန်ယိမ်းပျိုဖြူလေးများက သင်္ကြန်တေးသီချင်းများဖြင့် ကပြဖျော်ဖြေခြင်း၊ အဆိုဝါသနာရှင်များမှ သင်္ကြန်တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေခဲ့ပြီး ကပြဖျော်ဖြေသည့် ယိမ်းပျိုဖြူများနှင့် အဆိုဝါသနာရှင်များအား တိုင်းဒေသကြီးဝန်ကြီးချုပ်က အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့ပြီး ဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဌာန ရေကစားမဏ္ဍပ်သို့ ရောက်ရှိခဲ့ပြီးဌာန အသီးသီးအလိုက် ရေကစားမဏ္ဍပ်များသို့ ရောက်ရှိခဲ့ပြီး ဌာနအသီးသီးမှ ယိမ်းအဖွဲ့များမှ သင်္ကြန်တေးသီချင်းများဖြင့် ကပြဖျော်ဖြေခြင်းနှင့် အဆိုဝါသနာရှင်များက သင်္ကြန်တေးသီချင်းများဖြင့် သီဆိုဧည့်ခံဖျော်ဖြေခဲ့ပြီး ဖျော်ဖြေဧည့်ခံသည့် ယိမ်းအဖွဲ့များနှင့် အဆိုဝါသနာရှင်များအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့ပြီး  ဆုငွေများ အသီးသီး ပေးအပ်ချီးမြှင့် ခဲ့ကြကြောင်းသိရသည်။

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် ၂၀၂၃ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲကို မကွေးမြို့ကမ်းနားလမ်းရှိ ဗဟိုမဏ္ဍပ်နှင့် ဝန်ကြီးဌာနမဏ္ဍပ်(၅)ခု စုစုပေါင်း မဏ္ဍပ်(၆)ခုတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိကာ ဗဟိုမဏ္ဍပ်နှင့် ဝန်ကြီးဌာနအလိုက် ဧည့်ခံဖျော်ဖြေရေးမဏ္ဍပ်များ၌ ယိမ်းအကအလှအဖွဲ့(၂၅)ဖွဲ့က ယှဉ်ပြိုင်ကပြဖျော်ဖြေလျက်ရှိသည့် အပြင် ဗဟိုမဏ္ဍပ်နှင့် ရေကစားမဏ္ဍပ်များသို့ လာရောက် ကြည့်ရှုအားပေးသည့် ပရိသတ်များ၊ ရေကစားလာပြည်သူများနှင့် ဖျော်ဖြေရေးယိမ်းအဖွဲ့များအား သင်္ကြန်ဖြစ်မြောက်ရေးကော်မတီနှင့် အလှူရှင်များမှ နေ့စဉ် စတုဒီသာ မုန့်များ ဖြင့် ဧည့်ခံကျွေးမွေး လျက်ရှိကြောင်း သိရသည်။

ကိုစည်သူ(မကွေး)