ပဲခူး ဧပြီ ၁၆
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့တာဝန်ရှိသူများသည် ဧပြီလ(၁၆)ရက် မဟာသင်္ကြန်အတတ်နေ့ ယနေ့နံနက်ပိုင်းက ပဲခူးမြို့ရှိ ရေကစားမဏ္ဍပ်များ၊ စတုဒိသာမဏ္ဍပ်များတွင် အများပြည်သူလွတ်လပ်ပျော်ရွှင်စွာရေကစားနေမှုနှင့် စတုဒိသာစားသုံးနေမှုတို့အား လှည့်လည်ကြည့်ရှု အားပေးခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးရှေ့ရှိ မြန်မာ့ ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန် ဗဟိုရေကစားမဏ္ဍပ်သို့သွားရောက်၍ ဌာနဆိုင်ရာများ၏ ဖျော်ဖြေရေးယိမ်းအဖွဲ့များနှင့် ရပ်ကွက်အသီးသီးရှိ ပြိုင်ပွဲဝင်ယိမ်းအဖွဲ့များက သီဆိုကပြဖျော်ဖြေခြင်း၊ နိုင်ငံကျော်တေးသံရှင်များ၏ ဖျော်ဖြေတင်ဆက်မှုများအား ကြည့်ရှုအားပေးခဲ့ပြီး ဂုဏ်ပြုဆုငွေများ ပေးအပ်ခဲ့သည်။
ထို့နောက် လမ်းလျှောက်သင်္ကြန်ကျင်းပပြုလုပ်နေသည့် လမ်းဘေးဝဲယာတစ်လျှောက် ဌာနဆိုင်ရာရေကစားမဏ္ဍပ်၊ စတုဒိသာမဏ္ဍပ်များတွင် ရေကစားလာသူပြည်သူများ၊ စတုဒိသာလာရောက်သုံးဆောင်သူများဖြင့် အထူးစည်ကားလျက်ရှိပြီး ရပ်ကွက်/ လမ်းများအလိုက် အများပြည်သူ ရေကစားမဏ္ဍပ်တို့တွင်လည်း ရေကစားသူများ၊ ရေပတ်ခံထွက်သူများဖြင့် အထူးစည်ကားလျက်ရှိကြောင်း သတင်းရရှိသည်။
သက်ဖြိုးကြိုင် (ပြန်/ဆက်)