ငွေဆောင် ဧပြီ ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့၊ ငွေဆောင်ကမ်းခြေ၌ ယနေ့ ၂၀၂၃ ခုနှစ်၊ ဧပြီလ(၁၆)ရက်နေ့၊ မြန်မာသက္ကရာဇ်၁၃၈၄ခုနှစ်၊ မဟာသင်္ကြန်အတက်နေ့တွင် အနယ်နယ်အရပ်ရပ်လာရောက်အနားယူ အပန်းဖြေသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။ ငွေဆောင်ကမ်းခြေသို့ နှစ်သစ်ကူးရုံးပိတ်ရက်အစဖြစ်သော ဧပြီလ(၈)ရက်နေ့မှစတင်၍ အနယ်နယ်အရပ်ရပ်မှ ခရီးသွားဧည့်သည်များ တဖွဲဖွဲဝင်ရောက်လျက်ရှိပြီး ဟိုတယ်၊ မိုတယ်နှင့်တည်းခိုခန်းများရှိ အခန်းများအားလုံးနီးပါး အပန်းဖြေလာရောက်တည်းခိုသူများဖြင့် ပြည့်နှံလျက်ရှိကြောင်း သိရသည်။ ငွေဆောင် မြို့ထဲရှိအမှတ်တရပစ္စည်းအရောင်းဆိုင်များတွင် စျေးဝယ်ယူနေကြသူများ၊ ကမ်းခြေတွင်လမ်းလျှောက်ကြသူများ၊ အပန်းဖြေနေကြသူများ၊ ရေကူးကြသူများ၊ speedboat,BananaBoat စီးကြသူများ၊ ငွေဆောင်၏ အထင်ကရကျွန်းများဖြစ်သော မြွေကျွန်း၊ လိပ်ကျွန်း၊ ငှက်ကျွန်း၊ ဆင်မကျွန်း၊ ကျွန်းလျားရှည်၊ ချစ်သူများကျွန်း၊ ဘုရားသုံးဆူနှင့် မိုးမခဆင်စခန်းသို့ သွားရောက်လည်ပတ်ကြသူများဖြင့် စည်ကားလျက်ရှိနေကြောင်း သိရသည်။
ငွေဆောင်ကမ်းခြေတွင် ဧည့်သည်များ အေးချမ်းပျော်ရွှင်စွာ အနားယူနိုင်ရေး၊ လုံခြုံမှုရှိစေရေး၊ ကမ်းခြေသန့်ရှင်းသာယာလှပရေး၊ ကမ်းခြေစျေးရောင်းချသည့် စျေးသည်များ သတ်မှတ်စည်းကမ်းနှင့်အညီ ရောင်းချမှုရှိစေရေးနှင့် ယာဥ်ကြောပိတ်ဆို့မှုမဖြစ်စေရေးတို့အတွက် ငွေဆောင်မြို့အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်၊ ငွေဆောင်နယ်မြေရဲတပ်ဖွဲ့စခန်း၊ မြို့အဆင့်ဌာနဆိုင်ရာများ၊ ကမ်းခြေလုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့များပူးပေါင်း၍ နံနက်၈း၃၀အချိန်နှင့် ညနေ ၃း၃၀ အချိန်တို့၌ ကမ်းခြေသို့ဆင်းကာ ကွင်းဆင်းစစ်ဆေး ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
R – O14 ( ငွေဆောင်)