၁၃၈၄ ခုနှစ် မြန်မာ့ရိုးရာ မဟာသင်္ကြန်နှစ်သစ်ကူးပွဲတော် ပျော်ရွှင်စွာရေကစား

အင်းတော် ဧပြီ ၁၆

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့တွင် ၁၃၈၄ ခုနှစ်၊ မြန်မာ့ရိုးရာ မဟာသင်္ကြန်နှစ်သစ်ကူးပွဲတော်အတွင်း ပြည်သူများ ပျော်ရွှင်စွာ လာရောက်ရေကစားလျက်ရှိကြောင်း သိရသည်။

အဆိုပါ ၁၃၈၄ ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန် နှစ်သစ်ကူးပွဲတော် မဏ္ဍပ်ဖွင့်ပွဲ အခမ်းအနားကို ၂၀၂၃ ခုနှစ်၊ ဧပြီလ ၁၃ ရက်နေ့ မွန်းလွဲ ၃ နာရီ အချိန်က အဆိုပါမဏ္ဍပ်ရှေ့တွင် ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါဖွင့်ပွဲအခမ်းအနားတွင် အင်းတော်မြို့ရှေ့တန်းအမှတ် (၇၇) ခြေမြန်တပ်မဌာနချုပ်၊ တပ်မမှူး ဗိုလ်မှူးကြီး ကျော်ကျော်ဟန်က နှစ်သစ်အကြို မဟာသင်္ကြန်နှုတ်ခွန်းဆက် အမှာစကားကို ပြောကြားခဲ့ပြီး၊  ရှေ့တန်း အမှတ် (၇၇) ခြေမြန်တပ်မဌာနချုပ် တပ်မမှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌ ဦးဖုန်ဂရိန်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အဖွဲ့ဝင် ဗိုလ်မှူးအောင်နိုင်ဦး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအေးမင်းထွန်း၊ မြို့နယ် ရပ်မိရပ်ဖ ဦးဝင်းဆွေမြင့်တို့က မဟာသင်္ကြန်ပွဲတော်မုခ်ဦးနှင့် ၁၃၈၄ ခုနှစ် အင်းတော်မြို့ မဟာသင်္ကြန်ပွဲတော်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။ ထို့နောက် သင်္ကြန်ယိမ်းအကမယ်လေးများက အကအလှများဖြင့်ဖျော်ဖြေခဲ့ကြပြီး၊ အင်းတော်မြို့ရှေ့တန်းအမှတ်(၇၇) ခြေမြန်တပ်မဌာနချုပ်၊ တပ်မမှူးက ယိမ်းအကမယ်လေးများအား ဆုများချီးမြှင့်ပေးအပ်ခဲ့သည်။ ၎င်းနောက် တက်ရောက်လာကြသော တာဝန်ရှိသူများနှင့် ဧည့်ပရိတ်သတ်များက ပျော်ရွှင်စွာအတာရေဖြင့် ပက်ဖြန်းခဲ့ကာရေကစားခဲ့ကြကြောင်း သိရသည်။

၁၃၈၄ ခုနှစ်မှ ၁၃၈၅ ခုနှစ်သို့ ကူးပြောင်းသော မြန်မာ့ရိုးရာနှစ်သစ်ကူး မဟာသင်္ကြန်ပွဲတော်တွင် စတင်သည့် သင်္ကြန်အကြိုနေ့မှစတင်၍ ယနေ့ အတက်နေ့အထိ အင်းတော်မြို့နယ်နှင့် ပတ်ဝန်းကျင်ဒေသများမှ ပြည်သူများအနေဖြင့် ပျော်ရွှင်စွာ လာရောက်ရေပက်ကစားလျက်ရှိကြောင်း သိရသည်။ ထို့အပြင် လာရောက်ပျော်ရွှင်ရေပက်ကစားကြသော ပြည်သူများအား စေတနာရှင်ပြည်သူများမှ စတုဒီသာများ ကျွေးမွေးလျက်ရှိကြောင်း သိရသည်။

ကျော်သီဟ