မြိတ် ဧပြီ ၁၆
၁၃၈၄ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်အတက်နေ့ ဧပြီ(၁၆)ရက်တွင် နှစ်သစ်ကူးအတာရေသဘင်ပွဲတော်ကို တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် စည်ကားသိုက်စွာ နွှဲပျော်လျက်ရှိကြပြီး ရေပက်ခံကားများ၊ မော်တော်ဆိုင်ကယ်များဖြင့် ရေပက်ခံထွက်ကြ၍ မြိတ်မြို့ မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်မဏ္ဍပ်အနီးတွင် စတုဒီတာမဏ္ဍပ်ဖြင့် သင်္ကြန်ပွဲတော်နွှဲပျော်ကြသူများအား သင်္ကြန်ထမင်းနှင့်ဟင်းများကို စတုဒီတာကျွေးခဲ့ကြသည်။
စတုဒီတာထမင်းနှင့် ဟင်းများကို မြိတ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဉာဏ်ဇော် ဦးဆောင်၍ တာဝန်ရှိသူများက မဟာသင်္ကြန်မဏ္ဍပ်အနီးတွင် စတုဒီတာမဏ္ဍပ်ဖြင့် နှစ်သစ်ကူးသင်္ကြန်ပွဲတော်ကို ပျော်ရွှင်စွာနွှဲပျော်လျက်ရှိကြသည့် သင်္ကြန်ချစ်သူပြည်သူများ၊ လမ်းသွားလာပြည်သူများ၊ ရေပက်ခံကားများ၊ မော်တော်ဆိုင်ကယ်များဖြင့် ရေပက်ခံထွက်ကြသူများအား သင်္ကြန်ထမင်းနှင့် ဟင်းဗူး(၁၀၀၀)ကို စတုဒီတာ ကျွေးခဲ့ကြသည်။ ထို့အတူ ရပ်ကွက်/ကျေးရွာ ရေကစားမဏ္ဍပ်များတွင်လည်း စတုဒီတာမုန့်များ ကျွေးခဲ့ကြသည်။
မြိတ်မြို့၏ မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်မဏ္ဍပ်တွင် သင်္ကြန်ယိမ်းအကအဖွဲ့များက ယိမ်းအကအကအလှများ ကပြဖျော်ဖြေခြင်း၊ သင်္ကြန်တေးသီချင်းများ၊ မြူးမြူးကြွကြွတေးသီချင်းများ၊ ခေတ်ပေါ်တေးသီချင်းများ၊ DJ Music ဖျော်ဖြေရေးအစီအစဉ်များဖြင့် ဖျော်ဖြေလျက်ရှိကြရာ မဏ္ဍပ်ရှေ့တွင် ပြည်သူများမှ အေးချမ်းပျော်ရွင်စွာသင်္ကြန်ပွဲတော်ကို နွှဲပျော်လျက်ရှိသလို ရပ်ကွက်/ကျေးရွာများရှိ ဖျော်ဖြေရေးရေကစားမဏ္ဍပ်များတွင်လည်း ဖျော်ဖြေရေးအစီအစဉ်များဖြင့် ဖျော်ဖြေခြင်း၊ ရေကစားခြင်းဖြင့် နှစ်သစ်ကူးမဟာသင်္ကြန်ပွဲတော်ကို အေးချမ်းပျော်ရွင်နွှဲပျော်လျက်ရှိကြသည်။
သင်္ကြန်အတက်နေ့နံနက်ပိုင်းမှစတင်ကာ သင်္ကြန်ချစ်သူပြည်သူများ၊ လူငယ်များအစုအဖွဲ့အလိုက်၊ မိသားစုအလိုက် ရေပက်ခံမော်တော်ယာဉ်များ၊ မော်တော်ဆိုင်ကယ်များဖြင့် အေးချမ်းပျော်ရွင်စွာဖြင့် ရေပက်ခံထွက်လျက်ရှိကြပြီး လူကြီးလူငယ်များမှလည်း သင်္ကြန်တေးသီချင်းများ၊ မြူးမြူးကြွကြွတေးသီချင်းများဖွင့်၍ လမ်းသွားလာပြည်သူများ၊ သင်္ကြန်ပွဲတော်နွဲပျော်လျက်ရှိကြသည့် သင်္ကြန်ချစ်သူများအား အတာရေပက်လောင်းခြင်း၊ မော်တော်ယာဉ်တစ်စီးမှတစ်စီးသို့လည်း ရေပက်ကစားခြင်းဖြင့် သင်္ကြန်ပွဲတော်ကို မဟာသင်္ကြန်အတက်နေ့၌ စည်ကားသိုက်မြိုက်စွာ နွှဲပျော်လျက်ရှိကြကြောင်း သိရသည်။
ခိုင်ထူး (ပြန်/ဆက်)