ပွင့်ဖြူမြို့နယ်၌ သင်္ကြန်အတက်နေ့ ရေကစားကြသူများနှင့် ကုသိုလ်ပြု စတုဒိသာကျွေးမွေးကြသူများဖြင့် စည်ကားလျက်ရှိ

ပွင့်ဖြူ      ဧပြီ     ၁၆

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ယနေ့မြန်မာ့ရိုးရာအတာသင်္ကြန်အတက်နေ့တွင် မြို့ပေါ်ရပ်ကွက်များနှင့် မြို့တွင်းလမ်းတစ်လျှောက် ရေကစားကြသူများနှင့် ကုသိုလ်ပြုစတုဒိသာ ကျွေးမွေးကြသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ်၌ ယခုနှစ်မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်အား ဗဟိုမဏ္ဍပ်ထည့်သွင်း ကျင်းပနိုင်ခြင်းမရှိသော်လည်း ဒေသခံပြည်သူများ အေးချမ်းပျော်ရွှင်စွာ ရေကစားနိုင်ရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနရုံးအနီးတွင်  အတာသင်္ကြန်ရေကစားမဏ္ဍပ် စီစဉ်ဆောင်ရွက်ပေးထားရာ ယနေ့သင်္ကြန်အတက်နေ့တွင် ဒေသခံပြည်သူများနှင့် ရပ်ဝေးရပ်နီးမှ ရေပက်ခံထွက်ကြသူများဖြင့် စည်ကားလျက်ရှိကြောင်း၊ ထို့အပြင် အတာသင်္ကြန်ရေကစားမဏ္ဍပ်အနီး၌ ဌာနဆိုင်ရာများ၏ စုပေါင်းစတုဒိသာမဏ္ဍပ်တွင်လည်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်၏ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများပူးပေါင်းအဖွဲ့က မုန့်လုံးရေပေါ်၊ ဖျော်ရည်အအေးမျိုးစုံ၊ ကြာဇံဟင်းခါး၊ ရွှေရင်အေးအစရှိသည့် မြန်မာ့ရိုးရာမုန့်များဖြင့် နေ့စဉ်စတုဒိသာကျွေးမွေးလှူဒါန်းလျက်ရှိရာ လာရောက်သုံးဆောင်ကြသူများ၍ စည်ကားလျက်ရှိနေကြောင်း ပွင့်ဖြူမြို့ပေါ်ရှိ ဒေသခံပြည်သူများထံက သိရသည်။ အလားတူ နှစ်သစ်ကူးအတာသင်္ကြန် ပွဲတော်ကာလ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများတွင်လည်း ကုသိုလ်ပြု စတုဒိသာကျွေးမွေးလှူဒါန်းကြသူများ၊ အေးချမ်းပျော်ရွှင်စွာ ရေကစားကြသူများနှင့် ဘုရားကျောင်းကန်များတွင် စိတ်အေးချမ်းစွာ တရားဘာဝနာပွားများ အားထုတ်ကြသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

ထို့အပြင် မြို့နယ်အတွင်းရှိ သမိုင်းဝင်တန်ခိုးကြီးဘုရားများဖြစ်သည့် ကျောင်းတော်ရာကျေးရွာရှိ စန္ဒကူးနံ့သာ ကျောင်းတော်ရာစေတီတော်၊ ဘုရားကုန်းကျေးရွာအနီးရှိ ပါဝါရုံ(ရွှေပန်းမြိုင်)စေတီတော်၊ အုတ်ဖိုကျေးရွာအနီးရှိ ကုက္ကုဌာရုံစေတီတော်၊ ရွာခိုင်ကျေးရွာရှိ ဃောသီတာရုံစေတီတော်တို့တွင်လည်း ရပ်ဝေးရပ်နီးမှ ဘုရားဖူးလာရောက်ကြသည့် ပြည်သူများနှင့် စည်ကားလျက်ရှိသလို ပွင့်ဖြူမြို့အနီး မုန်းချောင်းတွင်လည်း လာရောက်စိတ်အပန်းဖြေ ရေကစားကြသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။ 

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )