တောင်ငူ ဧပြီ ၁၆
၁၃၈၄ ခုနှစ်၊ မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်ပွဲတော် (သင်္ကြန်အတက်နေ့)တွင် တောင်ငူမြို့၊ ဗိုလ်မှူးဖိုးကွန်းလမ်း၊ ကေတုမတီမုခ်ဦးရှေ့ရှိ ဗဟိုမဏ္ဍပ်၌ပြည်သူများမှ မြန်မာ့ရိုးရာယဥ်ကျေးမှုမဟာသင်္ကြန်ပွဲတော်ကို ပျော်ရွှင်စွာဆင်နွှဲလျက်ရှိကြသည်။
အဆိုပါ တောင်ငူမြို့ မဟာသင်္ကြန်ဗဟိုမဏ္ဍပ်၌ သင်္ကြန်တေးသီချင်းများ၊ ရိုးရာယဉ်ကျေးမှုအကများ၊ Stage Show ကဏ္ဍများ၊ ခေတ်ပေါ်တေးသီချင်းများဖြင့် သီဆိုဧည့်ခံဖျော်ဖြေလျက်ရှိရာ ယနေ့သင်္ကြန်အတက်နေ့တွင် ရေသဘင်လာရောက်ဆင်နွှဲကြသူများဖြင့် စည်းကားလျက်ရှိသည်။
အဆိုပါ ဗဟိုမဏ္ဍပ်သို့ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ထိန်ဝင်းနှင့်ဇနီး၊ ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်အောင်ခိုင်ချိုနှင့်ဇနီး၊ တောင်ငူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ တောင်ငူမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များမှ လာရောက်ကြည့်ရှုအားပေးခဲ့ပြီး ယိမ်းအကဖွဲ့များနှင့် ဧည်ခံဖျော်ဖြေသည့်တေးသံရှင်များအား ဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်းသိရသည်။
ထို့အတူ မဟာသင်္ကြန်အတက်နေ့တွင် တောင်ငူမြို့ပေါ်လမ်းမများ၌ ရေကစားသူများဖြင့် စည်ကားလျက်ရှိပြီး စတုဒိသာကျွေးမွေးအလှူဒါနပြုကြသူများ၊ ဥပုသ်သီလဆောက်တည်ကြသူများနှင့် တရားစခန်းများတွင် တရားဘာဝနာရှုမှတ်ပွားများအား ထုတ်နေကြသူများလည်း များပြားလျက်ရှိကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်