သာယာဝတီ ဧပြီ ၁၆
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊တန်ခူးလပြည့်ကျော် (၁၂)ရက်၊ ခရစ်နှစ် ၂၀၂၃ ခုနှစ်၊ ဧပြီလ (၁၆)ရက် မြန်မာ့ရိုးရာမဟာသင်္ကြန် (အတက်နေ့)၌ သာယာဝတီခရိုင်၊ စျေးရပ်ကွက်၊ ရန်ကုန်-ပြည်လမ်းမကြီးပေါ်ရှိ “မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ဗဟိုရေကစားမဏ္ဍပ်”တွင် ခရိုင်အတွင်းရှိမြို့နယ်အသီးသီးမှလာရောက် ရေကစားကြသူများ၊ မြို့ပေါ်ရပ်ကွက်များမှ လူငယ်လူရွယ်များ၊ စတုဒီသာကျွေးမွေးသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
နှစ်ဟောင်းမှ အညစ်အကြေးများကို အတာရေဖြင့်ဆေးကြောပြီး၊ မြန်မာ့ရိုးရာမဟာ သင်္ကြန်တွင် ယနေ့သင်္ကြန်(အတက်)နေ့၌ ပြည်သူများ အေးချမ်းစွာပါဝင်ဆင်နွှဲလျက် စတုဒီသာမဏ္ဍပ်များက ကျွေးမွေးသည့် စုံလင်လှသော မြန်မာ့ရိုးရာအစားအစာများကိုလည်း အားပါးတရ နှစ်ခြိုက်စွာ သုံးဆောင်နေကြသည့် မြင်ကွင်းများကလည်း မြန်မာတို့၏ ချစ်စရာဓလေ့ကို မြင်တွေ့ရသည်မှာ စိတ်ချမ်းမြေ့ဖွယ်ရာ ကောင်းလှသည်။
သာယာဝတီမြို့နယ်ရှိမြန်မာ့ရိုးရာ မဟာသင်္ကြန်ဗဟိုမဏ္ဍပ်ရေကစားမဏ္ဍပ်”တွင်အနုပညာရှင်များက သင်္ကြန်၏ပုံရိပ်ကို ပေါ်လွင်စေမည့် သင်္ကြန်သီချင်းများနှင့် သီဆိုဖျော်ဖြေမှုများဖြင့် စည်ကားသလို မြို့နယ်အတွင်းရှိ ဘုရားစေတီပုထိုးများတွင်လည်း ဘုရားဖူးလာပြည်သူများ၊ တရား ဘာဝနာပွားများ အားထုတ်ကြသူများ၊ စတုဒီသာအလှူများဖြင့် စည်ကားလျက် မြန်မာ့ရိုးရာ အတာသင်္ကြန်၏ အနှစ်သာရကို ဖော်ကျူးနေကြောင်း သိရသည်။
သာယာဝတီမြို့နယ်တွင် ပြည်သူများ အေးချမ်းပျော်ရွှင် ဘေးအန္တရာယ်ကင်းရှင်းစွာရေကစားနိုင်စေရန် မြို့နယ်ရဲတပ်ဖွဲ့က ပြည်သူများ၏ လုံခြုံရေးအတွက်တာဝန်ယူ ဆောင်ရွက်ပေးပြီး၊ ယာဉ်ထိန်းရဲတပ်ဖွဲ့များကလည်း ယာဉ်ကြောပိတ်ဆို့မှု မရှိစေရေးအတွက်ယာဉ်ကြောရှင်းလင်းခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သန့်ဇော်(ပြန်/ဆက်)