ဘားအံ ဧပြီ ၁၅
ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် ဇနီးဒေါ်နန်းဘေဘီမြင့်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီး ချုပ်ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများသည် မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ မြန်မာ့ရိုးရာနှစ်သစ်ကူးမဟာသင်္ကြန်အကြတ်နေ့ ယနေ့နံနက်ပိုင်းတွင် ဘားအံမြို့ပေါ်ရပ်ကွက်များရှိ ရေကစားမဏ္ဍပ်များ၌ အများပြည်သူအေးချမ်းပျော်ရွင်စွာ ရေကစားနေမှုများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြပြီး မဟာသင်္ကြန်ရေသဘင်ပွဲအား ပျော်ရွှင်စွာပါဝင်ဆင်နွဲခဲ့ကြသည်။
ရှေးဦးစွာ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် ဇနီးဒေါ်နန်းဘေဘီမြင့်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏ဇနီးများ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများသည် ဗဟိုမဏ္ဍပ်၌ သင်္ကြန်ယိမ်းအကအဖွဲ့များ၊ တစ်ပင်တိုင်အကအလှများ၊ ဒေသခံတေးသံရှင်များ၏ စင်တင်တေးဂီတဖျော်ဖြေမှုများအား ကြည့်ရှုအားပေးပြီး ဂုဏ်ပြုဆုငွေများပေးအပ်ချီးမြှင့်ကြကာ အောင်သပြေခက်ဖြင့် အတာရေအေးပက်ဖြန်း၍ အတာရေသဘင်ပွဲကို ပါဝင်ဆင်နွှဲခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်အဖွဲ့သည် ဖူးငုံပွင့်သစ် အမှတ်(၁)ရပ်ကွက်ဖျော်ဖြေရေးမဏ္ဍပ်၊ အမှတ်(၂၂)ခြေလျင်တပ်မဌာနချုပ် မိသားစုရေကစားမဏ္ဍပ်၊ ကရင်ပြည်နယ်လမ်းဦးစီးဌာန သင်္ကြန်မဏ္ဍပ်၊ ပိတော်ထိပ်ထားအမှတ်(၅)ဖျော်ဖြေရေးမဏ္ဍပ်၊ ဖူးပွင့်ဆင်ယင်လှာကမြင် စုပေါင်းရေသဘင်မဏ္ဍပ်၊ ပိတောက်မြတ်နိုးအမှတ်(၉)ဖျော်ဖြေရေးမဏ္ဍပ်၊ ပိတော်ဖူးသစ်အမှတ်(၈) ရေကစားမဏ္ဍပ်၊ ကြိုဆိုနှစ်သစ်အမှတ်(၇)ဖျော်ဖြေရေးမဏ္ဍပ်၊ ငုဝါပိတောက်အမှတ်(၆) ဖျော်ဖြေရေးမဏ္ဍပ်များသို့ လှည့်လည်၍ ယိမ်းအကလှပျိုဖြူများ၊ တစ်ပင်တိုင်အကအလှများ၏ သီဆိုကပြဖျော်ဖြေဧည့်ခံမှုများအား ကြည့်ရှုအားပေးခဲ့ကြပြီး ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ခဲ့ကြကာ အောင်သပြေခက်ဖြင့် အတာရေအေးပက်ဖြန်း၍ ဒေသခံပြည်သူများနှင့်အတူ အတာရေသဘင်ပွဲကို ပါဝင်ဆင်နွှဲခဲ့ကြသည်။
အလားတူ ဘားအံမြို့၊ အမှတ်(၄)ရပ်ကွက်၊ ကမ်းနားလမ်း(ဘားအံ-ထုံးအိုင်လမ်း) ခေမာလမ်းထိပ်မှ အင်ကုန်းလမ်းထိပ်ထိကို မုခ်ဦးအလှ၊ ထီးအလှ၊ ပိတောက်ပန်းအလှ၊ ရေပန်းအလှများဖြင့် ပေပေါင်း ၁၀၀၀ ကျော်တန်ဆာထားသော လမ်းလျှောက်သင်္ကြန်တွင် ဘားအံမြို့ပေါ်နှင့် ပတ်ဝန်းကျင်ဒေသများမှ ရေလောင်းရေပက်သူများ၊ ရေပက်ခံထွက်သူများ၊ လမ်းလျှောက်ရေကစားထွက်သူများဖြင့် အထူးပင်စည်ကားလျက်ရှိရာ ယမန်နေ့မွန်းလွဲ ၃ နာရီ ခန့်က ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏ ဇနီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများသည် လမ်းလျှောက်သင်္ကြန်ပွဲတော်သို့ သွားရောက်၍ ဒေသခံတိုင်းရင်းသားပြည်သူများနှင့်အတူ လမ်းလျှောက်သင်္ကြန်ကို ပျော်ရွှင်စွာပါဝင်ဆင်နွှဲခဲ့ကြသည်။
ထို့အတူ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ သင်္ကြန်ချစ်သူတိုင်းရင်းသားပြည်သူများသည် မဟာသင်္ကြန်အကျနေ့ ညပိုင်းက ဘားအံမြို့၊ ကမ်းနားလမ်း၊ မြို့မဘောလုံးကွင်းရှိ ဗဟိုမဏ္ဍပ်၌ မဟာသင်္ကြန် ယိမ်းအကပြိုင်ပွဲ ကိုယ်ပိုင်သံစဉ်ပြိုင်ပွဲယိမ်းအက(၇)ဖွဲ့၊ Copy သံစဉ်ယိမ်းအက(၆)ဖွဲ့၊ တပင်တိုင်အကပြိုင်ပွဲ(၆)ဖွဲ့တို့၏ ယှဉ်ပြိုင်မှုအားကြည့်ရှုအားပေးခဲ့ကြပြီး ဂုဏ်ပြုဆုငွေများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။
အဆိုပါပြိုင်ပွဲတွင် ကိုယ်ပိုင်သံစဉ်တီးခတ်သီဆိုကပြသည့်ပြိုင်ပွဲနှင့် Copy သီဆိုတီးခတ်ကပြသည့် ပြိုင်ပွဲဟူ၍ နှစ်မျိုးခွဲ၍ကျင်းပပြီး သင်္ကြန်ယိမ်းအကအဖွဲ့ ၂၇ ဖွဲ့၊ တပင်တိုင်အကအဖွဲ့ ၁၁ ဖွဲ့တို့က အလှည့်ကျသီဆိုကပြဖျော်ဖြေ ယှဉ်ပြိုင်လျက်ရှိကာ ဧပြီလ ၁၆ ရက်နေ့ညတွင် ဆုရရှိသည့်ယိမ်းအဖွဲ့များအား ဂုဏ်ပြုဆုများထိုက်ထိုက်တန်တန် ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)