ဝန်းသိုမြို့တွင် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို ပျော်ရွှင်စွာဆင်နွှဲလျက်ရှိ

ဝန်းသို ဧပြီ ၁၅

မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ နှောင်းတန်ခူးလဆုတ် ၉ ရက် (သင်္ကြန်အကြိုနေ့)၊ ခရစ်နှစ် ၂၀၂၃ ခုနှစ်၊ ဧပြီ ၁၃ ရက်နေ့မှစတင်၍ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်၌ သင်္ကြန်ချစ်သူပြည်သူများ အေးချမ်းပျော်ရွှင်စွာဆင်နွှဲလျက်ရှိကြောင်း သိရသည်။

ဝန်းသိုမြို့ မြန်မာ့ရိုးရာမဟာသင်္ကြန်ဗဟိုရေကစားမဏ္ဍပ်တွင် သင်္ကြန်ယိမ်းအလှပျိုဖြူများ၏ အဆို၊ အကများဖြင့်ဧည့်ခံဖျော်ဖြေခြင်း၊ စတုဒိသာကျွေးမွေးလှူဒါန်းခြင်း၊ သင်္ကြန်လက်ဆောင်မွန် ကံစမ်းမဲများ ဖောက်ပေးခြင်းတို့ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက နေ့စဉ်စီစဉ်ဆောင်ရွက်ပေးလျက်ရှိပြီး သင်္ကြန်ချစ်ပြည်သူများကလည်း အပြန်အလှန်ရေပက်ကစားခြင်းဖြင့် ပျော်ရွှင်စွာစုပေါင်းဆင်နွှဲလျက်ရှိသည်။

ထို့အပြင် မြန်မာ့ရိုးရာအတာရေသဘင်ပွဲတော်ကို ပြည်သူများရွှင်လန်းချမ်းမြေ့စွာဖြင့် စုပေါင်းဆင်နွှဲနေကြသူများရှိသည်နှင့်အတူ မြို့ပေါ်ရပ်ကွက်များရှိ ဘုန်းတော်ကြီးကျောင်းများတွင် သင်္ကြန်ကာလအတွင်း (၁၀)ရက်တရားစခန်းဝင်ရောက်သူများ၊ ဥပုပ်သီလစောင့်တည်သူများ၊ အလှူဒါနကုသိုလ်ပြုသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

ထွန်းထွန်း