ထားဝယ် ဧပြီ ၁၅
မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန်အကြတ်နေ့ဖြစ်သည့် ယနေ့နံနက်ပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် ဗဟိုမဏ္ဍပ်နှင့် ဌာနဆိုင်ရာရေကစားသင်္ကြန်မဏ္ဍပ်များတွင် တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်၊ ဒုတိယတိုင်းမှူးဗိုလ်မှူးချုပ် သစ်လွင်ထူးနှင့် တာဝန်ရှိသူများက ပျော်ရွင်စွာရေသဘင်ပွဲတော်ဆင်နွှဲနေမှုများအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ထို့နောက်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုနှင့် တာဝန်ရှိသူများက ယိမ်းအကလှပျိုဖြူများနှင့် သင်္ကြန်ယိမ်းအကအဖွဲ့များ၏ ကပြသီဆိုဖျော်ဖြေနေမှုများ၊ တေးသံရှင်များ၏ သီဆိုဖျော်ဖြေနေမှုများနှင့် စတိတ်ရှိုးကဏ္ဍများ၏ ဧည့်ခံဖျော်ဖြေနေမှုများကို ကြည့်ရှုအားပေးပြီး ဧည့်သည်တော်များနှင့်ယိမ်းအကအဖွဲ့များအား သပြေခက်ဖြင့် အတာရေဖျန်းပက်ပေးကာ ယိမ်းအကအဖွဲ့များအား ဂုဏ်ပြုဆုငွေများချီးမြှင့်ပေးအပ်သည်။
ထို့သို့ ထားဝယ်မြို့၊ မြို့တော်ခန်းမရှေ့၊ ဗဟိုမဏ္ဍပ်နှင့်ဌာနဆိုင်ရာရေကစားမဏ္ဍပ်များတွင် သင်္ကြန်ယိမ်းအဖွဲ့များ၊ စတိတ်ရှိုးကဏ္ဍများ၏ ဧည့်ခံဖျော်ဖြေနေမှုများနှင့် ရေကစားမဏ္ဍပ်များဖြင့် အေးချမ်းပျော်ရွှင်စွာရေကစားလျက်ရှိရာ ဒေသအတွင်းမှ လာရောက်ပါဝင်ဆင်နွှဲသူများကို အအေး၊ ဖျော်ရည်၊ စတုဒိသာများဖြင့် ဧည့်ခံကျွေးမွေးလျက်ရှိသည်။
အလားတူ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်နှင့် ကော့သောင်းခရိုင်များတွင်လည်း မြန်မာ့ရိုးရာနှစ်သစ်ကူးပွဲတော်ကို အေးချမ်းပျော်ရွှင်စွာဖြင့် ဒေသအတွင်းမှပြည်သူများ လာရောက်ပါဝင်ဆင်နွှဲလျက်ရှိပြီး ဗဟိုမဏ္ဍပ်နှင့်ရပ်ကွက်များရှိ သင်္ကြန်မဏ္ဍပ်များတွင် သင်္ကြန်ယိမ်းအဖွဲ့များ၊ စတိတ်ရှိုးကဏ္ဍများ၏ ဧည့်ခံဖျော်ဖြေမှုများအပြင်၊ အအေး၊ ဖျော်ရည်၊ စတုဒိသာများဖြင့် ဧည့်ခံကျွေးမွေးမှုများနှင့် စည်းကားလျက်ရှိကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)