ပွင့်ဖြူ ဧပြီ ၁၅
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ရေပုတ်ကြီးကျေးရွာနေပြည်သူများ သောက်သုံးရေအတွက် မှီခိုအားထားရသည့် ကျေးရွာတောရကျောင်းကန်တော်ကြီးအား မိုးရေပိုမိုစုဆောင်းနိုင်ရေးအတွက် ယနေ့နံနက်ပိုင်းက ကျေးရွာနေပြည်သူများစုပေါင်းပြီး သင်္ကြန်တွင်းကာလကန်ဆယ်ခြင်း (ကန်ပြုပြင်ခြင်း)အား ကုသိုလ်ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ တောရကျောင်းကန်တော်ကြီးသည် အကျယ်အဝန်းအားဖြင့် ၅ ဧက ခန့်ရှိပြီး နှစ်စဉ်ကျေးရွာနေပြည်သူများနှင့် ကျေးရွာရှိ ကျွဲ၊ နွားတိရစ္ဆာန်များအတွက် သောက်သုံးရေ မှီခိုအားထားနေရသည့် မိုးရေလှောင်ကြီးဖြစ်ကာ ယခုနှစ်တွင်ကန်အတွင်း၌ ယခင်နှစ်က မိုးရေနှင့် အတူ စီးမျောပါလာသည့် သဲနုန်း၊ ရွှံ့နုန်းများဖြင့်တိမ်ကောနေ၍ ကျေးရွာနေပြည်သူများကစုပေါင်းပြီး မိုးရေပိုမိုစုဆောင်းနိုင်ရန်အတွက် နှစ်စဉ်သင်္ကြန်တွင်းကာလ၌ ကန်ဆယ်ခြင်း(ကန်ပြုပြင်ခြင်း)အား ကုသိုလ်ပြုထိန်းသိမ်းတူးဖော်ဆောင်ရွက်လျက်ရှိကြောင်း အဆိုပါ ရေပုတ်ကြီးကျေးရွာရှိ ဒေသခံ ရပ်မိရပ်ဖဦးစိန်ဌေးထံမှ သိရသည်။
ယနေ့နံနက်ပိုင်းက သဲနုန်း၊ ရွှံ့နုန်းများဖြင့် တိမ်ကောနေသော တောရကျောင်းကန်တော်ကြီးအား ကျေးရွာအုပ်ချုပ်ရေးမှူး ဦးလူဝင်းနှင့် ရပ်မိရပ်ဖများ၏ ဦးဆောင်မှုဖြင့် ကျေးရွာရှိလူကြီး၊ လူငယ်နှင့်ကျောင်းနေအရွယ် ကလေးများမကျန်စုပေါင်းပြီး ကန်ဆယ်ခြင်း (ကန်ပြုပြင်ခြင်း)အား တစ်ပျော်တစ်ပါး စုပေါင်းထိန်းသိမ်းတူးဖော် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။ အဆိုပါ တောရကျောင်းကန်တော်ကြီးသည် ကျေးရွာနေပြည်သူများနှင့်ကျေးရွာရှိ ကျွဲ၊ နွား တိရစ္ဆာန်ကောင်ရေ ၂၀၀၀ ကျော်ခန့်အတွက် သောက်သုံးရေအကျိုးပြုပေးနေသည့် မိုးရေလှောင်ကန်ကြီးဖြစ်ကြောင်း ကျေးရွာရပ်မိရပ်ဖ ဦးစိန်ဌေးက ပြောပြ၍သိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)