မြိတ်မြို့တွင် မဟာသင်္ကြန် အကြတ်နေ့၌ ရေပက်ခံကားများ၊ မော်တော်ဆိုင်ကယ်များဖြင့်ရေပက်ခံထွက်ကြ၍ အတာရေသဘင်ပွဲကို ပြည်သူများအေးချမ်းပျော်ရွင် စည်ကားစွာဆင်နွဲ

မြိတ်  ဧပြီ  ၁၅

၁၃၈၄ခုနှစ် မြန်မာ့ရိုးရာ မဟာသင်္ကြန် အကြတ်နေ့ အတာရေသဘင်ပွဲတော်ကို တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ပြည်သူများ ရေပက်ခံကားများ၊ မော်တော်ဆိုင်ကယ်များဖြင့် ရေပက်ခံထွက်ကြပြီး မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်မဏ္ဍပ်နှင့် ရေကစားမဏ္ဍပ်များမှလည်း ဖျော်ဖြေရေးအစီအစဉ်များဖြင့် နှစ်သစ်ကူးအတာ ရေသဘင်ပွဲတော်ကို စည်ကားစွာဖြင့် ဆင်နွှဲလျက်ရှိကြသည်။

သင်္ကြန်အကြတ်နေ့  နံနက်ပိုင်းမှ စတင်ကာ လူငယ်များအစုအဖွဲ့အလိုက်၊ မိသားစုအလိုက် ရေပက်ခံ မော်တော်ယာဉ်များ၊ မော်တော် ဆိုင်ကယ်များဖြင့် ရေပက်ခံထွက်လျက်ရှိကြပြီး လမ်းတလျှောက်တွင်လည်း လူကြီးလူငယ်များမှ  သင်္ကြန်တေးသီချင်းများ၊ မြူးမြူးကြွကြွ တေးသီချင်းများဖွင့်၍ လမ်းသွားလာ ပြည်သူများ၊ သင်္ကြန်ပွဲတော်နွဲပျော်လျက်ရှိကြသည့် သင်္ကြန်ချစ်သူများအား အတာရေပက်လောင်းခြင်း၊ မော်တော်ယာဉ်တစ်စီးမှတစ်စီးသို့လည်း ရေပက်ကစားခြင်းဖြင့် သင်္ကြန်ပွဲတော်ကို ပျော်ရွင်စွာ နွှဲပျော်လျက်ရှိကြသည်။

မြိတ်မြို့၏ မြန်မာ့ရိုးရာ ယဉ်ကျေးမှုမဟာသင်္ကြန် ဖျော်ဖြေရေး ရေကစားမဏ္ဍပ်တွင် သင်္ကြန် ယိမ်းအကအဖွဲ့များက ယိမ်းအကအကအလှများ ကပြဖျော်ဖြေခြင်း၊ သင်္ကြန်တေးသီချင်းများ၊ မြူးမြူးကြွကြွ တေးသီချင်းများ၊ ခေတ်ပေါ်တေးသီချင်းများ၊ DJ Music ဖျော်ဖြေရေး အစီအစဉ်များဖြင့် ဖျော်ဖြေလျက်ရှိကြရာ မဏ္ဍပ်ရှေ့တွင် ပြည်သူများမှ အေးချမ်းပျော်ရွင်စွာသင်္ကြန်ပွဲတော်ကို နွှဲပျော်လျက်ရှိသလို  ရပ်ကွက်/ကျေးရွာများရှိ ဖျော်ဖြေရေး ရေကစားမဏ္ဍပ်များတွင်လည်း ဖျော်ဖြေရေးအစီအစဉ်များဖြင့် ဖျော်ဖြေခြင်း၊ ရေကစားခြင်းဖြင့် နှစ်သစ်ကူးမဟာသင်္ကြန်ပွဲတော်ကို အေးချမ်းပျော်ရွင် စည်ကားစွာနွှဲပျော်လျက်ရှိကြကြောင်း သိရသည်။

ခိုင်ထူး (ပြန်/ဆက်)