ဆိပ်ဖြူမြို့နယ်၌ မဟာသင်္ကြန်ပွဲတော်ကာလစတုဒိသာကောင်းမှု ပြုလုပ်သူများ၊ ယောချောင်းသင်္ကြန်ရေကစားသူများဖြင့်စည်ကား

ဆိပ်ဖြူ     ဧပြီ     ၁၅

မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်မှ ၁၃၈၅ ခုနှစ်သို့ကူးပြောင်းသည့်အခါသမယ၌ မြန်မာတို့၏ ရိုးရာယဉ်ကျေးမှုဓလေ့ထုံးတမ်းများနှင့်အညီ စတုဒိသာကောင်းမှုပြုလုပ်သူများ၊ အတာသင်္ကြန်ရေပက်ကစားကြသူများ၊ ဆိပ်ဖြူယောချောင်းအတွင်း၌ ရေကစားလာသူများဖြင့် စည်ကားလျက်ရှိသည်။              

ဒေသခံပြည်သူများသည် မြန်မာ့ရိုးရာအတာသင်္ကြန် အကြိုနေ့နံနက်ပိုင်းမှစတင်၍ နေအိမ်အသီးသီး၌ အတာရေချမ်းအတာပန်းတို့ဖြင့် မြန်မာ့ရိုးရာအတာသင်္ကြန်ကို ကြိုဆိုခြင်း၊ စတုဒိသာကောင်းမှုပြုလုပ်သူများ၊ သက်ကြီးအဖိုးအဖွားများ ဝေယျာဝစ္စကိစ္စရပ်များနှင့် ရေချိုးသန့်စင်ပေးခြင်းများ၊ ဘုရားကျောင်းကန်များ၌ သီတင်းသီလဆောက်တည်ခြင်း၊ သင်္ကြန်ကာလ အထူးတရားစခန်းများ၌ တရားဘာ၀နာ အားထုတ်ကျင့်ကြံသူများ၊ တရားစခန်းများ၌ တရားဘာ၀အားထုတ်ကျင့်ကြံသူ ဆရာတော်သံဃာတော်များနှင့် လူပုဂ္ဂိုလ်အသီးသီးတို့အား အာရုံဆွမ်း၊ နေ့ဆွမ်းနှင့် အချိုပွဲဖျော်ရည်ဆပ်ကပ်လှူဒါန်းသူများ၊ ဝေယျာဝစ္စပြုလုပ်သူများဖြင့် စည်ကားနေသလို၊ ကလေးသူငယ် လူငယ်လူရွယ်များက သင်္ကြန်ရေပက်ဆော့ကစားခြင်း၊ ယောချောင်းသင်္ကြန်ပွဲတော်ကိုလာရောက်၍ အေးချမ်းပျော်ရွှင်စွာ ဖြင့်ရေကစားလျက်ရှိသည်။

ဆိပ်ဖြူယောချောင်းသင်္ကြန်ကို သင်္ကြန်အကြိုနေ့မှစတင်၍ဒေသခံပြည်သူများနှင့် နီးစပ်ရာမြို့နယ်များက မော်တော်ယာဉ်၊ သုံးဘီးဆိုင်ကယ်၊ ဆိုင်ကယ်တို့ဖြင့် ကလေးသူငယ် လူငယ်လူရွယ်များက သူငယ်ချင်းအဖွဲ့လိုက်၊ မိသားစုဆွေမျိုးအဖွဲ့လိုက် လာရောက်ကစားကြပြီး  သင်္ကြန်အကျနေ့၊ သင်္ကြန်အကြတ်နေ့တို့တွင် ဆက်လက်ရေကစား လာရောက်ကြောင်း၊ ယောချောင်းအတွင်း ရေကစားသူများအား အေးချမ်းပျော်ရွှင်စွာရေကစားနိုင်ရန် သက်ဆိုင်ရာတာဝန်ရှိသူများပူးပေါင်း၍  ယာဉ်အန္တရာယ်ကင်းရှင်းရေး၊ ခိုက်ရန်ဖြစ်ပွားမှုနှင့် ဘေးအန္တရာယ်များကင်းဝေးစေရန် ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း  သက်ဆိုင်ရာတာဝန်ရှိသူများထံမှ သိရသည်။

ကိုဇွဲ(အညာမြေ)