ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း ပုသိမ်မြို့၊ အတာသင်္ကြန်ဗဟိုမဏ္ဍပ်၌ ယိမ်းအဖွဲ့များပြိုင်ပွဲဝင်ယှဉ်ပြိုင်နေမှုများအား ကြည့်ရှုအားပေး

ပုသိမ်   ဧပြီ     ၁၅

၁၃၈၄ ခုနှစ်၊ ဧရာဝတီတိုင်းဒေသကြီး မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်အကျနေ့  ယမန်နေ့ညနေပိုင်းက ပုသိမ်မြို့ကမ်းနားလမ်းရှုခင်းသာရင်ပြင်ရှိ အတာသင်္ကြန်ဗဟိုမဏ္ဍပ်တွင် ယိမ်းအဖွဲ့များ ပြိုင်ပွဲဝင်ယှဉ်ပြိုင်နေမှုများကို တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ဌာဆိုင်ရာများ တက်ရောက်ကြည့်ရှုအားပေး၍ ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့သည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အနောက်တောင်တိုင်းစစ်ဌာနချုပ်စခန်းရုံးကိုယ်စားပြုယိမ်းအဖွဲ့၊ ပုသိမ်လေတပ်စခန်းဌာနချုပ်ကိုယ်စားပြု ရွှေတောင်ပံယိမ်းအဖွဲ့၊ အမှတ်(၄၂၄)ထောက်ပံ့ရေးနှင့် ပို့ဆောင်ရေးတပ်ကိုယ်စားပြုယိမ်းအဖွဲ့၊ ပုသိမ်တက္ကသိုလ်ကိုယ်စားပြု လှပျိုဖြူ​လေးများယိမ်းအဖွဲ့၊ အုပ်စု(၁)ကိုယ်စားပြု သင်္ကြန်ရွှေစင်ပုဂံမေခင်ယိမ်းအဖွဲ့၊ တိုင်းလမ်းဦးစီးယိမ်းအဖွဲ့၊ အုပ်စု(၅)ကိုယ်စားပြု ရွှေကိန္ဒရီမေယိမ်းအဖွဲ့ ၊ အုပ်စု(၂)ကိုယ်စားပြု ပိ​တောက်ရွှေစင်မေယိမ်းအဖွဲ့များက ပါဝင်ယှဉ်ပြိုင်နေမှုများအား ကြည့်ရှုအားပေးခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဇနီးများက ယိမ်းအဖွဲ့များအား ဂုဏ်ပြုဆုငွေများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။

၁၃၈၄ ခုနှစ်၊ ဧရာဝတီတိုင်းဒေသကြီး မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ယိမ်းပြိုင်ပွဲများအား သင်္ကြန်အကျနေ့တွင် ပြိုင်ပွဲဝင်အဖွဲ့(၈)ဖွဲ့၊ သင်္ကြန်အကြတ်နေ့တွင် ပြိုင်ပွဲဝင်အဖွဲ့(၈)ဖွဲ့၊ သင်္ကြန်အတက်နေ့တွင် ပြိုင်ပွဲဝင်အဖွဲ့(၆)ဖွဲ့ ယှဥ်ပြိုင်သွားမည်ဖြစ်ပြီး အကြီးတန်းယိမ်းပြိုင်ပွဲအဖွဲ့(၁၆)ဖွဲ့နှင့် အငယ်တန်းယိမ်းပြိုင်ပွဲအဖွဲ့(၆)ဖွဲ့ စုစုပေါင်းပြိုင်ပွဲဝင် ယိမ်းအဖွဲ့(၂၂)ဖွဲ့ ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)