သရက်ချောင်းမြို့နယ်တွင်၌ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် သင်္ကြန်အကျနေ့ ပြည်သူများ အေးချမ်းပျော်ရွှင်စွာ ရေကစားလျက်ရှိ

သရက်ချောင်း ဧပြီ ၁၅

မြန်မာတို့၏ရိုးရာယဥ်ကျေးမှု အမွေအနှစ်ဖြစ်သည့် မဟာသင်္ကြန်ပွဲတော်ကို အစဥ်အလာမပျက် ပြည်သူများ ပျော်ရွှင်စွာ ရေကစားနိုင်ရေးတို့အတွက် တနင်္သာရီဒေသကြီး ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးစီးဦးဆောင်ပြုကာ မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်ပွဲတော်အား ဧပြီ ၁၄ ရက် သင်္ကြန်အကျနေ့တွင် မြို့နယ်မဏ္ဍပ်၌ ပြည်သူများ အေးချမ်းပျော်ရွှင်စွာ ရေကစားလျက်ရှိကြောင်းသိရသည်။

အဆိုပါရေကစားမဏ္ဍပ်၌ စတုဒီသာများဖြင့်ဧည့်ခံကျွေးမွေးခြင်း၊ ယိမ်းအကအလှများ၊ ဖျော်ဖြေရေးအစီအစဥ်များနှင့် ပြိုင်ပွဲဝင် ယိမ်းပျိုဖြူအကအဖွဲ့များက နံနက် ၈ နာရီမှ ၁၁ နာရီအထိ လည်းကောင်း၊ ညနေ ၃ နာရီခွဲမှ ည ၇ နာရီအထိ လည်းကောင်း ဖျော်ဖြေပေးလျက်ရှိကြောင်း သိရသည်။

မဟာသင်္ကြန်ပွဲတော်ကာလအတွင်း ပြည်သူများ စိတ်အေးချမ်းသာ ပျော်ရွှင်စွာဖြင့် ရေကစားနိုင်စေရန် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်ဆောင်ရွက်မှုဖြင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ အရံမီးသတ် တပ်ဖွဲ့ဝင်များ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် ရပ်မိရပ်ဖများက ပြည်သူများ၏လုံခြုံရေး၊ ထိခိုက်မှုနှင့်ခိုက်ရန် မဖြစ်ပွားစေရေးတို့အတွက် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

နန်းခလိုက်(သရက်ချောင်း)