မိုးညိုမြို့နယ်အတွင်း ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ အမည်စာရင်းများ နောက်ဆုံးအကြိမ်အဖြစ် ထုတ်ပြန်ကြေညာ

မိုးညို အောက်တိုဘာ ၂

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံအထွေထွေ ရွေးကောက်ပွဲ အတွက် မိုးညိုမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ရပ်ကွက်၊ ကျေးရွာများတွင် ဆန္ဒမဲပေးပိုင်ခွင့် ရှိသူ အမည်စာရင်းများကို အောက်တိုဘာ ၁ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။

မိုးညိုမြို့နယ်အတွင်း မဲဆန္ဒရှင်စာရင်း ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ ပယ်ဖျက်ခြင်းများ အပါအဝင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ အမည်စာရင်းများကို ဇူလိုင်လ(၂၅)ရက်မှ သြဂုတ်လ(၁၄)ရက်နေ့ထိ ပထမအကြိမ်အဖြစ် ကြေညာပေးခဲ့ပြီး ယခုအောက်တိုဘာလ(၁)ရက်နေ့မှ (၁၄)ရက်ထိ (၁၄)ရက်ကြာ ကြေညာကပ်ထား ဆောင်ရွက်ပေးသွားမည် ဖြစ်သည်။

မိုးညိုမြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စု(၄၂)အုပ်စုတွင် မဲရုံပေါင်း(၁၆၉)ရုံ ဖွင့်လှစ်သွားမည် ဖြစ်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ(၁၀၃၃၆၁)ဦးရှိကြောင်းနှင့် စာရင်းပါအချက်အလက်များ မှားယွင်းနေပါက ပုံစံ(၄-ဂ)ဖြင့် ပြင်ဆင်လွှာတင်သွင်းခြင်း၊ မဲစာရင်းတွင် ပါဝင်ရန် မသင့်သူများ ပါဝင်ပါက ပုံစံ(၄)ဖြင့် ကန့်ကွက်ခြင်း၊ မဲစာရင်းတွင် မိမိအမည်မပါရှိပါက ပုံစု(၃)ဖြင့် အမည်ထည့်သွင်းရန် တောင်းဆိုခြင်း၊ လျှောက်ထားခြင်းများ မဲစာရင်း ထုတ်ပြန်ကြေညာသည့်နေ့မှစ၍ ၁၄ ရက်အတွင်း ဆောင်ရွက်နိုင်ပြီး သက်ဆိုင်ရာ တာဝန်ရှိသူများက စီစဉ်၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကော်မရှင် အဖွဲ့ခွဲထံမှ သိရသည်။

စန္ဒာလင်း(မိုးညို)