တနင်္သာရီ ဧပြီ ၁၄
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့၏ ကျက်သရေဆောင် သဘာဝဘိုးဘွားရိပ်သာ အတွင်းရှိ အေးငြိမ်းချမ်းသာတောင်ပေါ်တွင် တည်ထားကိုးကွယ်မည့် ငြိမ်းအေးချမ်းသာ လေးမျက်နှာ ထိုင်တော်မူဘုရားကြီးအား အုတ်မြစ်ချမင်္ဂလာ အောင်မြင်စွာ ပြုလုပ်နိုင်စေရေးအတွက် ဆရာတော်ဘဒ္ဒန္တသုန္ဒရ ကိုယ်တိုင်ဦးစီးဦးရွက်ပြု၍ ဧပြီလ ၁၄ ရက် သင်္ကြန်အကျနေ့ မနက်ပိုင်းမှစ၍ မြေနေရာသန့်စင်ခြင်း၊ ရာဇမတ်ကာရံခြင်းနှင့် ရွှေအုတ်၊ ငွေအုတ်၊ ပတ္တမြားအုတ်များ အုတ်မြစ်ချမည့်နေရာများကို ကြိုတင်ပြင်ဆင်ခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဉာဏ်တော်အမြင့် (၄၅)ပေ/ (၃၀)တောင်ရှိပြီး၊ အလယ်မာန်တိုင်မှာ(၃၆)တောင်၊ ဘုရားကျောင်း ခေါင်အမိုးအထိ (၄၂)တောင် အမြင့်ရှိသည့် “ငြိမ်းအေးချမ်းသာ လေးမျက်နှာ” ထိုင်တော်မူဘုရားကြီးအား အရပ်လေးမျက်နှာမှ ဖူးမျှော်ကြည်ညိုနိုင်စေရန်နှင့် အရပ်လေးမျက်နှာစလုံး ငြိမ်းအေးချမ်းသာစေဖို့ ရည်ရွယ်ပြီး မတည်အလှူရှင်များနှင့် (၇)ရက်သား/သမီးအပေါင်းတို့၏ သဒ္ဒါတရားစုပေါင်းအားဖြင့် တည်ထားကိုးကွယ်ခြင်းဖြစ်ကြောင်း ဆရာတော်ဘုရားထံက သိရပါသည်။
အဆိုပါ “ငြိမ်းအေးချမ်းသာလေးမျက်နှာ” ထိုင်တော်မူဘုရားကြီးအား ၂၀၂၃ ခုနှစ်၊ ဧပြီလ ၁၆ ရက်-သင်္ကြန်အတက်နေ့(တနင်္ဂနွေနေ့) နံနက် ၈ နာရီ အချိန်တွင် ဆရာတော်/သံဃာတော် အရှင်သူမြတ်များ၊ အလှူရှင်များနှင့်(၇)ရက်နေ့ သား/သမီးများဖြင့် အေးငြိမ်းချမ်းသာ တောင်ပေါ်သတ်မှတ်နေရာတွင် စတင်ရွှေအုတ်၊ ငွေအုတ်၊ ပတ္တမြားအုတ်တို့ဖြင့် အုတ်မြစ်ချမင်္ဂလာပြုလုပ်မည်ဖြစ်သဖြင့် အရပ်ဝေး/အရပ်နီးမှ သဒ္ဒါကြည်လင် ပါရမီရှင် ကုသိုလ်ရှင်များ ၊စေတနာရှင်များ၊ အလှူရှင်များအားလုံး ကုသိုလ်ပြုပါဝင်နိုင်ရန် အကျိုးတော်ဆောင်အဖွဲ့မှ နှိုးဆော်အသိပေး ဖိတ်ကြားလျက်ရှိကြောင်း သိရှိရသည်။
နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)