ချောင်းသာ ဧပြီ ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့သို့ မဟာသင်္ကြန်ကာလတွင် အနယ်နယ်အရပ်ရပ်မှ ခရီးသွားဧည့်သည်ဝင်ရောက်မှု အထူးများပြားလျက်ရှိပြီး ချောင်းသာကမ်းခြေတွင် အပန်းဖြေသူများဖြင့် စည်ကားများပြားနေကြောင်း သိရသည်။
“ယမန်နှစ်က ခုလောက်တော့ မစည်ဘူးထင်တယ်၊ ဒီနှစ်က သင်္ကြန်ကာလမရောက်ခင် ရက်ကြိုရက်ကတည်းက ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်းတေမှာ ကြိုတင်ရက်ချိန်းပြည့်တဲ့အပြင် ရပ်ကွက်ထဲက လုံးခြင်းအိမ်ငှားတည်းခိုလို့ရတဲ့ နေရာများမှာတောင် ပြည့်နေတာတွေရှိတယ်၊ ယမန်နေ့ သင်္ကြန်အကြိုနေ့မှာဆိုရင် မနက်ကတည်းက ဝင်ရောက်လာတဲ့ဧည့်သည်မော်တော်ယာဥ်တန်းက ညနေပိုင်းလောက်အထိ မပြတ်သေးဘူး၊ ဒီနှစ်သင်္ကြန်ကာလက အထူးပိုစည်ကားနေတာ တွေ့ရပါတယ်ဟု မဟာသင်္ကြန်ကာလအတွင်း ခရီးသွားဧည့်သည်များ၏ ကျန်းမာရေးနှင့် ရေပြင်သက်ကယ်စောင့်ကြည့်ရေးလုပ်ငန်းများတွင် အလေးထားဆောင်ရွက်လျက်ရှိသည့် ချောင်းသာမြို့ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှူး ဦးသန်းဌေးထံကသိရသည်။
ချောင်းသာကမ်းခြေသို့ လာရောက်လည်ပတ်သူများ စိတ်အေးချမ်းပျော်ရွှင်စွာအနားယူနိုင်ရန်၊ လုံခြုံမှုရှိစေရန်၊ ကမ်းခြေသန့်ရှင်း သာယာလှပရန်၊ ကမ်းခြေတွင်စျေးရောင်းချသည့်စျေးသည်များ သတ်မှတ်စည်းကမ်းများနှင့်အညီရောင်းချစေရန်၊ ယာဥ်ကြောပိတ်ဆို့မှုမဖြစ်စေရန်တို့အတွက် မြို့အုပ်ချုပ်ရေးမှူး ဦးသီဟအောင်ဦးဆောင်ပြီး တာဝန်ရှိသူများအဖွဲ့က ကြပ်မတ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ချောင်းသာမြို့သို့ဝင်ရောက်လာသည့် ခရီးသွားဧည့်သည်များသည် ချောင်းသာကမ်းခြေအပြင် ဖိုးကလားကျွန်း၊ သဲဖြူကျွန်းတို့သို့ စက်လှေ၊ မော်တော်ဘုတ်များ၊ ကျောက်မောင်နှစ်မသို့ ကား၊ သုံးဘီးဆိုင်ကယ်၊ ဆိုင်ကယ်များဖြင့် သွားရောက်လည်ပတ်မှုများအပြင် ဒေသထွက်အစားအစာ၊ အမှတ်တရပစ္စည်းရောင်းချရာနေတို့တွင်လည်း လေ့လာကြည့်ရှုသူ၊ ဝယ်ယူသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
ကျော်ကျော် (ပြန်/ဆက်)