သင်္ကြန်အကျနေ့တွင် မြိတ်ကျွန်းစုရှိ စမတ်ကျွန်းနှင့်လေးကျွန်းသို့ ခရီးသွားများနှင့် ဒေသခံများစိတ်အေးချမ်းသာစွာ ကျွန်းအပန်းဖြေ ခရီးသွားရောက်လည်ပတ်

မြိတ်  ဧပြီ  ၁၅

၁၃၈၄ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် သင်္ကြန်အကျနေ့တွင် မြိတ်ကျွန်းစုရှိ သဘာဝအလှတရားများဖြင့် သာယာလှပသည့်ကျွန်းများသို့ ခရီးသွားဧည်သည်များနှင့် ဒေသခံများမှ စိတ်အေးချမ်းသာစွာ ကျွန်းအပန်းဖြေခရီးအဖြစ် ယမန်နေ့နံနက်ပိုင်းက  မြိတ်ဆိပ်ကမ်းမှ Speed Boat များဖြင့်  ကျွန်းများသို့သွားရောက် လည်ပတ်ခဲ့ကြသည်။

မြိတ်ကျွန်းစု၌ ကျွန်းအပန်းဖြေခရီးသွားရောက်နိုင်သည့် ကျွန်းများမှာ လေးကျွန်း၊ ဒုံးကျွန်း၊ ဒုံးရေတံခွန်၊ နတ်သမီးရေတွင်းကျွန်း၊ စမတ်ကျွန်း၊ တောင်ပံကြီးကျွန်း၊ လိပ်ဥသောင်ကျွန်း၊ ကြယ်လိပ်ကျွန်း၊ ဓနသိဒ္ဓိကျွန်း၊ မင်းသားကျွန်း၊ သဲနက်တန်း(နှစ်ဖက်လှ)ကျွန်း၊ ဒုံးညောင်မှိုင်းရွာ၊ ဘေလီကျွန်း၊ သမီးလှကျွန်းစသည့် ကျွန်းများရှိရာ သင်္ကြန်ကာလတွင် ကျွန်းအပန်းဖြေ ခရီးသွားသင်္ကြန်အဖြစ် ပြည်သူများမှ ယနေ့တွင် စမတ်ကျွန်းနှင့် လေးကျွန်း ခရီးစဉ်ကို ပိုမိုသွားရောက်ခဲ့ကြကြောင်း သိရသည်။

သင်္ကြန်ကာလ ကျွန်းအပန်းဖြေခရီးအဖြစ် သွားရောက်အပန်းဖြေခဲ့ကြမည့် ပြည်သူများအား ကျွန်းအပန်း ဖြေခရီးသွားလုပ်ငန်းများမှ Speed Boat များဖြင့် ခရီးသွားဧည့်သည်များ သွားရောက်လိုသည့် ကျွန်းများကို ပို့ဆောင်ပေးရန် မြိတ်ဆိပ်ကမ်းမှ ယနေ့တွင် ခရီးစဉ်(၃)ခု အဖြစ် ဘေလီကျွန်း၊ စမတ်ကျွန်းနှင့် ကြယ်လိပ်ကျွန်း ခရီးစဉ်၊ လေးကျွန်း၊ သမီးလှကျွန်းနှင့် မင်းသားကျွန်းခရီးစဉ်၊ စမတ်ကျွန်း၊ ဒုံးရေတံခွန်နှင့် ဒုံးညောင်မှိုင်းရွာ ခရီးစဉ်အဖြစ် သွားရောက် ပို့ဆောင်ပေးကြကြောင်း သိရသည်။

ခိုင်ထူး (ပြန်/ဆက်)