သာယာဝတီ ဧပြီ ၁၅
မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်မှ ၁၃၈၅ သို့ ကူးပြောင်းသည့် မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော်အကပြိုင်ပွဲများကို ယမန်နေ့နံနက် ၉ နာရီအချိန်က စတင်ကာ သာယာဝတီမြို့ရှိ လွတ်လပ်ရေး ကျောက်တိုင်ကွင်း၌ မြန်မာ့ရိုးရာမဟာသင်္ကြန်မဏ္ဍပ်၌ ကျင်းပခဲ့သည်။
ပြိုင်ပွဲတွင်တွင် ရပ်ကွက်/ကျေးရွာများရှိ ယိမ်းအကသမီးပျို (၆) ဖွဲ့က ပါဝင်ယှဥ်ပြိုင်ကြပြီး၊ ပြိုင်ပွဲတစ်ပွဲချင်းစီအလိုက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့က ချီးမြှင့်ငွေ ၂ သောင်းကျပ်စီပေးအပ်ခဲ့သည်။
ပြိုင်ပွဲသို့ ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူ များ၊ဒိုင်အဖွဲ့များ၊ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ပြည်သူများကကြည့်ရှုအားပေးကြသည်။
အဆိုပါပြိုင်ပွဲများအား ယိမ်းအကသမီးပျိုအဖွဲ့(၁၈)ဖွဲ့က သင်္ကြန်အကျနေ့မှစတင်ကာ အတက်နေ့အထိ နေ့စဥ် ၆ ဖွဲ့ စီပါဝင်ယှဥ်ပြိုင်ကြမည်ဖြစ်ပြီး ဆုရရှိသောအဖွဲ့များအားသင်္ကြန်အတက်နေ့တွင် ဆုများ ချီးမြှင့်ပေးအပ်သွားမည်ဖြစ်သည်။
မဟာအတာသင်္ကြန်ပွဲတော် ကျင်းပနေစဉ် ကာလအတွင်း ပြည်သူများအန္တရာယ်ကင်းရှင်းစွာ ရေဆော့ကစားနိုင်စေရန် လုံခြုံရေးများလည်း ထားရှိပေးလျက်ရှိကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။
သန့်ဇော်(ပြန်/ဆက်)