ရွှေကျင် ဧပြီ ၁၅
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ် အနောက်ဘက်ကျေးရွာအုပ်စု သောင်လယ်ကျေးရွာ ဣန္ဒာစာရတိုက်သစ်ကျောင်းဝန်းအတွင်း၌ ယမန်နေ့ည(၇)နာရီအချိန်က သောင်လယ်-မောင်းရုံကျေးရွာ ကုသိုလ်ရှင်လူငယ်များ ဦးစီးကျင်းပသည့် မဟာသင်္ကြန်အထူးတရားဓမ္မသဘင်ပွဲ(ပထမနေ့)အခမ်းအနား ကျင်းပခဲ့သည်။
၁၃၈၄ ခုနှစ် မဟာသင်္ကြန်အကြိုနေ့အထူးတရားဓမ္မသဘင်ပွဲအခမ်းအနားကို နမောတဿ(၃)ကြိမ်ရွတ်ဆို၍ ဖွင့်လှစ်ခဲ့ပြီး တရားတော်ဟောကြားမည့် ညောင်လေးပင်မြို့၊ ကမ္မဌာန်းကျောင်းတိုက် ပဓာနနာယကဆရာတော် ဒေါက်တာဘဒ္ဒန္တဣန္ဒောဘာသာဘိဝံသ အဂ္ဂမဟာပဏ္ဍိတ၊ သာသနတက္ကသီလဓမ္မပါရဂူ(Ph.D)၊ မဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ သာသနဓဇဓမ္မာစရိယ၊ ဝိနယပါရဂူသာသနတက္ကသီလ မဟာဓမ္မာစရိယ(MA) ဆရာတော်ကြီးထံမှ ငါးပါးသီလခံယူကာ ဓမ္မတေးသံရှင်မထက်ထက်မော်က တရားဒေသနာဟောကြားချီးမြှင့်ပေးပါရန် လျှောက်ထားပေးသည်။ ဆက်လက်ပြီးဆရာတော်ကြီးမှ တရားတော်နာ ပရိတ်သတ်အပေါင်းတို့အား တရားတော်များဟောကြားပြသပေးပြီး လှူဒါန်းမှုအစုစုတို့အား ရေစက်သွန်းချအမျှပေးဝေခဲ့ကာ တရားနာပရိတ်သတ်အပေါင်းတို့မှ ဗုဒ္ဓံသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆို၍ မဟာသင်္ကြန်အထူးတရားဓမ္မသဘင်ပွဲ(ပထမနေ့) အခမ်းအနား ပြီးမြောက်ခဲ့ကြောင်း သိရသည်။
ထွန်းထွန်းဇော်(ပြန်/ဆက်)