ဘိုကလေးမြို့နယ် အတာသင်္ကြန်ပွဲတော် အကျနေ့တွင် အေးချမ်းခြင်းမြို့တော် ရေကစားမဏ္ဍပ်၌ စည်ကားသိုက်မြိုက်စွာ ရေဆော့ကစား

ဘိုကလေး ဧပြီ ၁၄

နှစ်ဟောင်းကုန်လွန်၍ နှစ်သစ်သို့ကူးပြောင်းသော မြန်မာလူမျိုးတို့၏ ရိုးရာအတာသင်္ကြန်ပွဲတော်အား ရှေးမြန်မာမင်းများအစဉ်အဆက်ကပင် ရိုးရာမပြတ် ကျင်းပပြုလုပ်ခဲ့ရာ ယခုနှစ်(၁၃၈၄)ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု အတာသင်္ကြန်ပွဲတော်ဖွင့်ပွဲကိုလည်း ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်ကြီးကြပ်မှုနှင့်အတူ ဘိုကလေးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနအနီး၌ အေးချမ်းခြင်း မြို့တော်ဗဟိုမဏ္ဍပ်ဖွင့်လှစ်ရေကစားလျက်ရှိရာ ယနေ့အကျနေ့၌ အဆိုပါမဏ္ဍပ်တွင် သင်္ကြန်ယိမ်းအကအလှဖျော်ဖြေသူများ၊ ရေဆော့ကစားသူများ၊ စတုဒီသာ ကျွေးမွေးသူများဖြင့် စည်ကားသိုက်မြိုက်လျက်ရှိသည်။

အတာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အနေဖြင့် ကဏ္ဍအလိုက် ပွဲတော်ဖြစ်မြောက်ရေးကော်မတီများအားဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များဖြင့် ဖွဲ့စည်းထားရှိ တာဝန်ပေးအပ်ထားပြီး ယနေ့အကျနေ့တွင် အေးချမ်းခြင်းမြို့‌တော်ဗဟိုမဏ္ဍပ်၌ ဌာနဆိုင်ရာယိမ်းအဖွဲ့အပါအဝင် ရပ်ကွက်ယိမ်းအဖွဲ့များ၊ အခြေခံပညာကျောင်းများမှ ယိမ်းအဖွဲ့များ၏ ကပြဖျော်ဖြေမှုများ၊ ဝါသနာရှင်များ၏ သီဆိုဖျော်ဖြေမှုများ၊ ဌာနဆိုင်ရာများစုပေါင်ကာ စတုဒီသာကျွေးမွေးမှုများ၊ ရေကစားကြသူများဖြင့် ယနေ့အတာသင်္ကြန်အကျနေ့၌ ဘိုကလေးမြို့နယ်၊ ‌အေးချမ်းခြင်းမြို့တော်ရေကစားမဏ္ဍပ်၌ စည်ကားသိုက်မြိုက်လျက်ရှိကြောင်း သိရသည်။                   

မိုးစက်(ဘိုကလေး)