ပန်းတောင်း အောက်တိုဘာ ၂
ပဲခူးတိုင်းဒေသကြီး ၊ ပြည်ခရိုင် ၊ ပန်းတောင်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ဒုတိယ အကြိမ် မဲဆန္ဒရှင်များစာရင်း ကြေညာခြင်းကို ရပ်ကွက်/ကျေးရွာ အုပ်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများတွင် ယမန်နေ့နံက်ပိုင်းမှစ၍ ထုတ်ပြန်ကြေညာထားကြောင်းသိရှိရသည်။
အဆိုပါဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများကို အောက်တိုဘာ(၁)ရက်နေ့မှ (၁၄)ရက်နေ့အထိ နောက်ဆုံးအကြိမ်အဖြစ် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲ အဖွဲ့ခွဲရုံးများတွင် ကြေညာကပ်ထားပြီး ဆန္ဒမဲစာရင်းတွင် မိမိအမည် မပါဝင်ပါက ပုံစံ(၃)ဖြင့် အမည်ထည့်သွင်းရန်တောင်းဆိုခြင်း၊ အခြားဒေသမှ လာရောက်နေထိုင်သူများဖြစ်ပါက ပုံစံ(၃)က ဖြင့်လျှောက်ထားခြင်း၊ မဲစာရင်းတွင် မပါဝင်သင့်သည့်သူများ ပါဝင်နေပါက ပုံစံ(၄)ဖြင့် ကန့်ကွက်ခြင်း၊ မဲစာရင်းပါအချက်အလက်မှားယွင်းနေပါက ပုံစံ(၄) (ဂ)ဖြင့် ပြင်ဆင်လွှာ တင်သွင်းခြင်းလုပ်ငန်းများကို သက်ဆိုင်ရာ တာဝန်ရှိသူများမှာ ပြန်လည်စိစစ်၍ ဆောင်ရွက်သွားမည်ဖြစ်ပြီး အသက်(၁၈)နှစ်ပြည့် ပြီးသူဖြစ်တိုင်း ဆန္ဒမဲပေး ပိုင်ခွင့်ရှိသူတိုင်း မဲပေးခွင့် မဆုံးရှုံးစေရေးအတွက် မဲစာရင်းများကို ပြည်သူများ လာရောက် ကြည့်ရှုကြရန် နိုးဆော်ထားကြောင်းသိရှိရသည်။
သင်းသင်းအေး(ပြန်/ဆက်)