မော်လမြိုင်ကျွန်းမြို့၌ ၁၃၈၄ ခုနှစ်၊ မဟာသင်္ကြန်ပွဲတော်ရေကစားမဏ္ဍပ်ဖွင့်ပွဲ အခမ်းအနားကျင်းပ

မော်လမြိုင်ကျွန်း ဧပြီ ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၌ ၁၃၈၄ ခုနှစ် မဟာသင်္ကြန်ပွဲတော် ရေကစားမဏ္ဍပ်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၄ နာရီအချိန်က မော်လမြိုင်ကျွန်းမြို့၊ အမှတ် (၆) ရပ်ကွက်၊ မင်းလမ်းမကြီးပေါ်ရှိ အတာသင်္ကြန်ရေသဘင် ဗဟိုမဏ္ဍပ်၌ ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသီဟဇော်နှင့်ဇနီး ဒေါ်ခင်မာမူနှင့် အဖွဲ့ဝင်များ၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးမင်းလွင်၊ အဖွဲ့ဝင် (၂) ဦးတင်လှိုင်၊ အဖွဲ့ဝင် (၃) ဦးစောဝဏ္ဏ၊ အတွင်းရေးမှူး ရဲမှူးမိုးစိန်၊ ခမရ (၅၃၄) တပ်ရင်းမှူးဒုတိယဗိုလ်မှူးကြီးမြင့်ဇော်ထွန်း၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းဖွဲ့များ၊ ပြိုင်ပွဲဝင် ယိမ်းအဖွဲ့များနှင့် ဖျော်ဖြေ ရေးအဖွဲ့များ တက်ရောက်အားပေးခဲ့ကြသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသီဟဇော်က နှစ်သစ်ကူးနုတ်ခွန်းဆက် စကားပြောကြားရာတွင် ကမ္ဘာပေါ်ရှိ နိုင်ငံအသီးသီးမှ လူမျိုးအသီးသီးတို့သည် မိမိတို့၏ ကိုယ်ပိုင်ယဉ်ကျေးမှု ဓလေ့ထုံးတမ်းများနှင့်အညီ နှစ်သစ်ကူးပွဲတော်ကျင်းပလျက်ရှိရာ မိမိတို့မြန်မာလူမျိုးများသည်လည်း နှစ်ဟောင်းမှနှစ်သစ်သို့ ကူးပြောင်းချိန်တန်ခူးလအခါသမယတွင် မဟာသင်္ကြန်ရေ သဘင်ပွဲတော်ကို နှစ်စဉ်ကျင်းပခဲ့ကြကြောင့်၊ ထို့သို့ကျင်းပရာတွင် နှစ်ဟောင်းမှ အညစ်အကြေးများ ကိုသင်္ကြန်ရေနှင့် ဆေးကြောပြီး နှစ်သစ်ကိုကြိုဆိုသည့်အနေဖြင့် သင်္ကြန်ပွဲတော်ကို မြန်မာ့ယဉ်‌ ကျေးမှုဓလေ့ထုံးတမ်းစဉ်လာနှင့်အညီ ဆက်လက်ထိန်းသိမ်းကြရန်နှင့် မင်္ဂလာအပေါင်းနှင့် ပြည်စုံ သည့်နှစ်သစ်ကိုအတူတကွ ကြိုဆိုပါကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသီဟဇော်က အဖွဲ့ဝင်များနှင့်အတူ အတာသင်္ကြန် ရေသဘင် ဗဟိုမဏ္ဍပ်အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီးနောက် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်ယိမ်းအဖွဲ့များ၊ ဖျော်ဖြေရေးအဖွဲ့များအား အမွှေးနံ့သာရည်များကပက်ဖျန်း၍ ပျော်ရွှင်စွာ အတာရေသဘင်ပွဲဆင်နွှဲကြသည်။ ထိုနောက် မြန်မာမှုတေးဂီတအဖွဲ့နှင့် ပြိုင်ပွဲဝင်ယိမ်းအဖွဲ့များက သင်္ကြန်ယိမ်းအကအလှများ၊ သင်္ကြန်သီချင်းများဖြင့် ဖျော်ဖြေကြရာ မဟာသင်္ကြန်ပွဲတော်ဖွင့်ပွဲ အခမ်းအနားကို အောင်မြင်စွာ ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။

ရဲကိုမောင် (ပြန်/ဆက်)