ကန်ကြီးထောင့်မြို့၌ ၁၃၈၄ ခုနှစ် မဟာသင်္ကြန်ပွဲတော်ဖွင့်ပွဲအခမ်းအနား ကျင်းပ

ကန်ကြီးထောင့်       ဧပြီ            ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့၌ ၁၃၈၄ ခုနှစ် မဟာသင်္ကြန်ပွဲတော်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈:၃၀ နာရီအချိန်က  ကန်ကြီးထောင့်မြို့၊ ပုသိမ်-ရန်ကုန်လမ်းမကြီးဘေးရှိ ကန်ကြီးထောင့်မြို့အဝင် မာလာကုန်းလမ်းဆုံအတာသင်္ကြန်ဗဟိုမဏ္ဍပ်၌ ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်အောင်၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးနိုင်လင်းအောငနှင့်အဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ပြိုင်ပွဲဝင်ယိမ်းအဖွဲ့များ၊ ဖျော်​ဖြေရေးအဖွဲ့များ၊ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်အောင်က နိုင်ငံအသီးသီးမှ လူမျိုးအသီးသီးတို့သည် ကိုယ်ပိုင်ယဥ်ကျေးမှု ဓလေ့ထုံးထမ်းများနှင့်အညီနှစ်သစ်ကူးပွဲတော်များကျင်းပရာတွင် မိမိတို့မြန်မာလူမျိုးများသည် နှစ်ဟောင်းမှနှစ်သစ်သို့ ကူးပြောင်းချိန်၌ မဟာရေသဘင်ပွဲတော်ကိုကျင်းပကြကြောင်း၊ နှစ်ဟောင်းမှအညစ်အကြေးများကို သင်္ကြန်ရေနှင့်ဆေးကြောပြီး နှစ်သစ်ကိုကြိုဆိုကာ သင်္ကြန်ပွဲတော်ကို မြန်မာ့ရိုးရာဓလေ့ထုံးတမ်းစဉ်လာယဥ်ကျေးမှုနှင့်အညီ ရိုးရာမပြတ်ဆက်လက်ထိန်းသိမ်းကြရန်နှင့် မင်္ဂလာအပေါင်းနှင့်ပြည်စုံစွာ နှစ်သစ်ကိုအတူတကွ ကြိုဆိုကြရမည် ဖြစ်ပါကြောင်းနှစ်သစ်ကူး နှုတ်ခွန်းဆက်စကား ပြောကြားသည်။

ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်အောင်က အဖွဲ့ဝင်များနှင့်အတူ အတာသင်္ကြန်​ရေဗဟို မဏ္ဍပ်ကိုဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး အဖွဲ့ဝင်များနှင့်ဌာနဆိုင်ရာ​အကြီးအကဲများ၊ ပြိုင်ပွဲဝင်ယိမ်းအဖွဲ့များအား၊ ဖျော်ဖြေရေးအဖွဲ့များကိုအမွှေးနံ့သာရည်များပက်ဖျန်း၍ ပျော်ရွှင်စွာ ရေကစားကြသည်။

ယင်းနောက်တေးဂီတအဖွဲ့နှင့် ပြိုင်ပွဲဝင်ယိမ်းအဖွဲ့များက သင်္ကြန်ယိမ်းအကများ၊ သင်္ကြန်သီချင်းများဖြင့် ဖျော်ဖြေကြပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

မဇင်(ပြန်/ဆက်)