သာပေါင်းမြို့နယ်တွင် ၁၃၈၄ ခုနှစ်၊ မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍာပ်ဖွင့်ပွဲအခမ်းအနားကျင်းပ

သာပေါင်း ဧပြီ ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် ၁၃၈၄ ခုနှစ်၊ မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေ ၄ နာရီအချိန်က အမှတ်(၂)ရပ်ကွက်၊ ကန္နားလမ်း၊ စည်ပင်သာယာပန်းခြံရှိ ဗဟိုမဏ္ဍာပ်တွင် ကျင်းပပြုလုပ်သည်။

၁၃၈၄ ခုနှစ်၊ မြန်မာ့ရိုးရာယဥ်ကျေးမှုမဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်ဖွင့်ပွဲအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးမင်းဧရာထိုက်မှ ၁၃၈၄ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှုအစဉ်အလာ မဟာသင်္ကြန်အခါကာလရောက်ရှိလာပြီဖြစ်ပါတယ်၊ နှစ်ဟောင်းမှာကိုယ်စိတ်နှစ်ပါးညစ်နွမ်းမှုများရှိပါက ဆေးကြောသန့်စင်တဲ့အနေနဲ့ တစ်ဦးနှင့်တစ်ဦး ယဉ်ကျေးသိမ်မွေ့စွာ၊ အတာရေသွန်းလောင်းပက်ဖြန်းခြင်း၊ ဘုရားကျောင်းကန်များမှာ ကောင်းမှုကုသိုလ်များပြုလုပ်ကြခြင်း၊ သက်ကြီးဝါကြီးမိဘဘိုးဘွားတို့အား ပူဇော်သက္ကာယပြုခြင်း၊ ရဟန်းခံရှင်ပြုအလှူမင်္ဂလာပွဲများပြုလုပ်ကြခြင်း၊ တိရစ္ဆာန်များအားဘေးမဲ့လွှတ်ခြင်းတို့ ပြုလုပ်ကြတယ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို မြန်မာ့ဓလေ့ထုံးတမ်းအစဉ်အလာနှင့်အညီရိုးရာမပျက် ဆက်လက်ထိန်းသိမ်းဆောင်ရွက်ရန်၊ ပြည်သူများ ကိုယ်စိတ်နှစ်ပါးရွှင်လန်းချမ်းမြေ့စွာဖြင့် ရေသဘင်ပွဲတော်တွင် ယဉ်ကျေးသိမ်မွေ့စွာ ပါဝင်ဆင်နွဲနိုင်ရန်၊ပြည်သူများ မိမိတို့ပင်ပန်းနွမ်းနယ်သမျှကို အတာရေပက်ဖြန်း လန်းဆန်းစေခြင်းဖြင့် နှစ်သစ်တွင်နိုင်ငံတော်၏တာဝန်များကို  စွမ်းအားပြည့်စွမ်းဆောင်နိုင်ကြစေရန်၊ မြန်မာမှု၊ မြန်မာ့ဟန်မြန်မာ့ရိုးရာယဉ်ကျေးမှု အနှစ်သာရများ၊ အမျိုးသားရေးစရိုက်လက္ခဏာများ ဆက်လက်ထိန်းသိမ်းစောင့်ရှောက်တတ်စေရန် ရည်ရွယ်ချက်များဖြင့် ကျင်းပဆောင်ရွက်ခြင်းဖြစ်ပါတယ်။

မြန်မာ့ရိုးရာအစဉ်အလာ ယဉ်ကျေးမှုကို ပျက်စီးအောင်ဖျက်ဆီးမည့်သူများအား ဝိုင်းဝန်းတားဆီးကာကွယ်ကြရမည်ဖြစ်ပါတယ်၊ ယခုနှစ်မဟာသင်္ကြန်ကာလမှာ အဖျက်အန္တရာယ်ကို သတိပြုရမည်ဖြစ်သလို အပူအန္တရာယ်ကိုလည်း ပြည်သူများအနေဖြင့် အထူးသတိပြုကြရန်လိုအပ်ပါတယ်၊ သတိပြုဖွယ်များကို အထူးသတိပြု၍ မြန်မာ့ရိုးရာအစဉ်အလာများကို မပျောက်ပျက်အောင် ဝိုင်းဝန်းသိန်းသိမ်းစောင့်ရှောက်ကြရမည်ဖြစ်ပါတယ်။

မဟာသင်္ကြန်ကာလဟာ မြန်မာတို့ရဲ့ မွန်မြတ်တဲ့ယဉ်ကျေးမှု အစဉ်အလာဖြစ်တဲ့အတွက် မြန်မာတို့ရဲ့ယဉ်ကျေးမှုအစဉ်အလာများ မပျောက်ပျက်စေဘဲ အားလုံးပါဝင်ဆင်နွှဲနိုင်ရန် သတိမူဆင်ခြင်အပ်သည်တို့ကို သတိမူခြင်း၊ မြန်မာ့ရိုးရာယဉ်ကျေးမှုအစဉ်အလာကို ပျက်စီးအောင်ဖျက်ဆီးသူများကို ဝိုင်းဝန်းတိုက်ဖျက်ခြင်းဖြင့် မြန်မာ့ရိုးရာယဉ်ကျေးမှုအစဉ်အလာ မဟာသင်္ကြန်ကိုဝိုင်းဝန်း ထိန်းသိမ်းစောင့်ရှောက်ကြရန်ဖြစ်ပါကြောင်းနှင့် အားလုံးကိုယ်စိတ်နှစ်ပါး ကျန်းမာရွှင်လန်းချမ်းသာကြပါစေ-နှစ်သစ်ကူး နှုတ်ခွန်းဆက်စကားပြောကြားသည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲဥက္ကဋ္ဌဦးမင်းဧရာထိုက်နှင့်အဖွဲ့ဝင်တို့က မဟာသင်္ကြန်ပွဲတော်ဗဟိုမဏ္ဍာပ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး မြနန္ဒာသီချင်းဖြင့်သီဆိုဖွင့်လှစ်ကာ ဌာနဆိုင်ရာအကြီးအကဲများ၊ ပြိုင်ပွဲဝင်ယိမ်းအကအဖွဲ့များ၊ ဖျော်ဖြေရေးအဖွဲ့တို့ကို နှစ်သစ်အကြိုအောင်သပြေခက်နှင့် အမွှေးနံ့သာရည်များပက်ဖျန်း၍ ပျော်ရွှင်စွာရေပက်ဖြန်းကစားကြသူများနှင့် စည်ကားလျက်ရှိကြောင်းသိရသည်။

မျိုးဇော်သိန်း(သာပေါင်းပြန်/ဆက်)