ပုသိမ် ဧပြီ ၁၄
၁၃၈၄ခုနှစ်၊ ဧရာဝတီတိုင်းဒေသကြီး မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ဖွင့်ပွဲအခမ်းအနား အား ယမန်နေ့ ညနေပိုင်းက ပုသိမ်မြို့ ကမ်းနားလမ်း ရှုခင်းသာရင်ပြင်ရှိ ဗဟိုမဏ္ဍပ်၌ ပြုလုပ်ရာတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အနောက်တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး နှင့်ဇနီး၊ တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်ဝန်ကြီးများနှင့် ဇနီးများ၊တိုင်း၊ ခရိုင်၊မြို့နယ်အဆင့် ဌာနဆိုင်ရာများ ၊ ဖျော်ဖြေရေးနှင့် ပြိုင်ပွဲဝင်ယိမ်းအဖွဲ့များတက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ဧရာဝတီတိုင်းဒေသကြီး မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် မင်္ဂလာအခါ တော်ကြား စာတမ်းအား မင်္ဂလာဘိသေကပညာရှင်ကဖတ်ကြားခဲ့ပြီးနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက “မြန်မာ့သက္ကရာဇ်၁၃၈၄ခုနှစ်၊ ဧရာဝတီတိုင်းဒေသကြီး မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်အား စတင်ဖွင့်လှစ်ကြောင်း” ကြေငြာခဲ့သည်။ ဆက်လက်၍ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်ဝန်ကြီးများက သင်္ကြန်ပွဲတော်အားဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။ ယင်းနောက် ဧရာဝတီတိုင်းဒေသကြီးမြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ဖွင့်ပွဲအခမ်းအနား ဂုဏ်ပြုတေး“မန်းတောင်ရိပ်ခို”သီချင်းဖြင့် ယိမ်းအဖွဲ့များက ကပြဖျော်ဖြေခဲ့ပြီး ဝန်ကြီးချုပ်နှင့်ဇနီးနှင့် ဧည့်သည်တော်များကယိမ်းအဖွဲ့များအား ချစ်ကြည်ရင်းနှီးစွာဖြင့် အမွှေးနံ့သာ အတာရည်များပက်ဖျန်းပေးကြကာ တေးသံရှင်များနှင့် ယိမ်းအဖွဲ့များ၏ ကပြဖျော်ဖြေ မှုများအား ကြည့်ရှုအားပေးခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လမ်းလျှောက်သင်္ကြန်ပွဲတော်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး သင်္ကြန်ရေစကားမဏ္ဍပ်များအား လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။
၁၃၈၄ခုနှစ်၊ဧရာဝတီတိုင်းဒေသကြီး မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်တွင် လမ်းလျှောက်သင်္ကြန်ပွဲတော်အား ယခုနှစ်တွင်ထည့်သွင်းကျင်းပခဲ့ပြီး ဌာနဆိုင်ရာများနှင့် ရပ်ကွက်များမှမဏ္ဍပ်(၁၀)ခု၊ ဖျော်ဖြေရေးယိမ်းအဖွဲ့(၁၈)ဖွဲ့၊ပြိုင်ပွဲဝင်ယိမ်းအဖွဲ့(၂၂)ဖွဲ့တို့အပြင် တူယှဉ်နွှဲပျော် ဂီတပွဲတော်တွင် ဧရာဝတီတိုင်းဒေသကြီးမှ ဆုရရှိသူများ၏ ဖျော်ဖြေရေးအစီအစဉ်များဖြင့် စည်ကားသိုက်မြိုက်စွာဖြင့် ကျင်းပသွားမည်ဖြစ်ပြီး လာရောက်ရေကစားသည့် ပြည်သူများအား သင်္ကြန်ကာလအတွင်း စတုဒီသာများဖြင့်နေ့စဉ် ကျွေးမွေးဧည့်ခံသွားမည် ဖြစ်ကြောင်းသိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)