မင်းဘူး ဧပြီ ၁၄
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၌ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန် ရေသဘင်ပွဲတော် ဖွင့်ပွဲအခမ်းအနားကို ဧပြီ ၁၃ ရက်၊ မဟာသင်္ကြန်အကြိုနေ့ ညနေ ၅ နာရီခွဲအချိန်က မင်းဘူးမြို့ မင်းပူးဦးဩဘာသမြို့နယ်ခန်းမရှေ့ရှိ ဗဟိုမဏ္ဍပ်၌ ကျင်းပလုပ်ခဲ့ရာ ဖွင့်ပွဲအခမ်းအနားသို့ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့်အတူ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ တက်ရောက်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
ဖွင့်ပွဲအခမ်းအနားတွင် မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် သီရိပျံချီဦးတင့်လွင်က ၁၃၈၅ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ရေသဘင်ပွဲတော် နှစ်သစ်ကူး နှုတ်ခွန်းဆက် အဖွင့်အမှာစကား ပြောကြားရာ မြန်မာတို့၏ (၁၂)လရာသီ ပွဲတော်များအနက် ပထမဦးဆုံး နှစ်သစ်ကူးလပွဲတော် ဖြစ်သကဲ့သို့ ဗုဒ္ဓဘာသာဝင်တို့၏ အထွဋ်အမြတ်ကာလမှာ အတာသင်္ကြန်ရေအေးဖြင့် နှစ်ဟောင်းမှ အညစ်အကြေးများကို ဆေးကြောသန့်စင်ပြီး စိတ်သစ်လူသစ်နှင့် အေးချမ်းသာယာပြီး တိုးတက်မှု အပေါင်း ဆောင်ယူနိုင်ကြပါစေလိုကြောင်း ဆုမွန်းကောင်းစကားပြောကြားပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။
ဆက်လက်ပြီး ပြိုင်ပွဲဝင်ယိမ်းအဖွဲ့များမှ သင်္ကြန်တေးသီချင်းများဖြင့် သီဆိုကပြ ဖျော်ဖြေ တင်ဆက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးကာ ယိမ်းအဖွဲ့ သမီးပျိုလေးများအား အတာရေဖြင့် ပက်ဖျန်းပေးခဲ့ကြပြီးနောက် ပြိုင်ပွဲဝင် ယိမ်းအဖွဲ့များကို ဆုတော် ငွေများ ချီးမြှင့်ပေးအပ်ကာ တက်ရောက်လာကြသူများနှင့်အတူ အေးချမ်းပျော်ရွှင်စွာ ပါဝင်ဆင်နွှဲ ခဲ့ကြသည်။
မင်းဘူးမြို့ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ရေသဘင်ပွဲတော် ဗဟိုမဏ္ဍပ်တွင် ဧည့်ခံဖျော်ဖြေရေးအကအဖွဲ့များ၊ ပြိုင်ပွဲဝင်ယိမ်းအဖွဲ့ (၈)ဖွဲ့နှင့် တစ်ပင်တိုင်သင်္ကြန်အက ပြိုင်ပွဲများဖြင့် မဟာသင်္ကြန် အတက်နေ့အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ မည်သူမဆို လာရောက်ပါဝင်ဆင်နွှဲနိုင်ပြီး စတုဒီသာများဖြင့် ဧည့်ခံကျွေးမွေးသွားမည်ဖြစ်ကြောင်း သိရသည်။
မောင်မောင်(မင်းဘူး)