ကြံခင်းမြို့နယ်၌ ၁၃၈၄ ခုနှစ် မြန်မာရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ဖွင့်ပွဲအခမ်းအနားကျင်းပ

ကြံခင်း   ဧပြီ   ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၌ မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ဖွင့်ပွဲကို ယမန်နေ့ညနေပိုင်းက ကြံခင်းမြို့ ရွာသစ်ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းရှိ ဗဟိုမဏ္ဍပ်တွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ အခမ်းအနားကို "မြူမှောင်ဝေကင်း" သီချင်းဖြင့် ပြိုင်ပွဲဝင်ယိမ်းအဖွဲ့များနှင့် ဖျော်ဖြေရေးအဖွဲ့များဖြင့်ဖွင့်လှစ်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးသိန်းတန်က နှစ်သစ်ကူးနှုတ်ခွန်းဆက် အမှာစကားပြောကြားရာတွင် ၁၃၈၄ ခုနှစ်၊ မြန်မာရိုးရာနှစ်သစ်ကူး မဟာသင်္ကြန်ပွဲတော်ကို မြန်မာရိုးရာထုံတမ်းအစဉ်အလာနဲ့အညီ ကျင်းပမှာဖြစ်ပြီး  နှစ်ဟောင်းမှအညစ်အကြေးများဆေးကြော၍ နှစ်သစ်ကူးပြောင်းချိန်တွင် ပြည်သူအများ အေးချမ်းပျော်ရွှင်စွာရေသဘင်ပွဲ ပါဝင်ဆင်နွှဲကြဖို့နှင့် မြန်မာ့ရိုးရာသင်္ကြန်အနှစ်သာရ မပျေက်ပျက်စေရန် ထိန်းသိမ်းကြရမှာဖြစ်သလို ခေတ်နဲ့လျော်ညီစွာ အမှားအယွင်းမရှိ ပျော်ရွှင်စွာရေးကစားကြရန်၊ ယခုနှစ်တွင် ပြိုင်ပွဲဝင်ယိမ်းအကများ၊ ဖျော်ဖြေရေးအစီအစဉ်များ၊ စတုဒိသာကျွေးမွေးခြင်းများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမှာဖြစ်ကြောင်းပြောကြားသည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးသိန်းတန်နှင့် အတွင်းရေးမှူးမြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးကြည်စိုး၊  အဖွဲ့ဝင်(၁)ဗိုလ်မှူးသန်းထွဋ်၊  စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌဦးကျော်ကျော်နှင့်  မြို့မိ/ဖဦးစိုးမြင့်တို့က မင်္ဂလာအချိန်တွင် အတာသင်္ကြန်ရေသဘင် ဗဟိုမဏ္ဍပ်ကိုဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး တက်ရောက်လာကြသော မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများနှင့်ဝန်ထမ်းများ၊ ပြိုင်ပွဲဝင်ယိမ်းအဖွဲ့များအား အမွှေးနံ့သာရည်များဖြင့်  ဖြန်းပက်ရေကစားကြပြီး"မန်းတောင်ရိပ်ခို"သီချင်းဖြင့်  အခမ်းအနား ရုပ်သိမ်းကြောင်း  သိရသည်။

မြို့နယ်(ပြန်/ဆက်)