ဒိုက်ဦးမြို့နယ်၌ မြန်မာ့ရိုးရာမဟာသင်္ကြန်ဗဟိုမဏ္ဍပ် ဖွင့်ပွဲအခမ်းအနားကျင်းပ

ဒိုက်ဦး ဧပြီ ၁၄

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်၌မြန်မာ့ရိုးရာမဟာသင်္ကြန်ဗဟိုမဏ္ဍပ်ဖွင့်ပွဲအခမ်းကိုယမန်နေ့ညနေ ၅ နာရီအချိန် ဒိုက်ဦးမြို့နယ် စီမံအုပ်ချုပ်‌ရေးရုံးရှေ့ရှိ မြန်မာ့ရိုးရာ မဟာသင်္ကြန်ဗဟိုမဏ္ဍပ်၌ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မိသားစုဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ယိမ်းအဖွဲ့ဝင်များ နေရာယူပြီးနောက်မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးကျော်ဆန်းဦးမှ အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များမှဒိုက်ဦးမြို့နယ် မြန်မာ့ရိုးမဟာသင်္ကြန်ဗဟိုမဏ္ဍပ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များမှ ယိမ်းအဖွဲ့ဝင်များနှင့် တက်ရောက်လာသော ဌာနဆိုင်ရာအကြီးအကဲများအား သပြေခတ်ဖြင့် ရေပတ်ဖြန်းပေးကြပြီး နောက်အကြိုနေ့ ဒုတိယပိုင်း အစီအစဉ်အနေဖြင့်မြူမှောင်ဝေကင်းသီချင်းဖြင့် မင်းတဲရပ်ကွက် ရှုတိုင်းယဉ်ယိမ်းလှပျိုဖြူများ၊ ချမ်းပါတယ်သီချင်းဖြင့်အ.ထ.က(၁)သင်္ကြန်ပျိုမေများ၊ ယဉ်ကျေးတဲ့ပွဲသီချင်းဖြင့် စက်ကွင်းရပ်ကွက် ပိတောက်ရွှေဝါယိမ်းအဖွဲ့၊တစ်နှစ်နွမ်းတစ်နှစ်ဆန်းသီချင်းဖြင့် ဖအောင်ဝဲရပ်ကွက် ရွှေပိတောက်ယိမ်းအဖွဲ့နှင့်သင်္ကြန်မိုးသီချင်းဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ သမီးပျိုလေးများမှ ကပြဖျော်ဖြေ တင်ဆက်ပေးကြကြောင်း  သိရသည်။

မြို့နယ်(ပြန်/ဆက်)