ဝန်းသို ဧပြီ ၁၄
မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ ခရစ်သက္ကရာဇ် ၂၀၂၃ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်ဖွင့်ပွဲအခမ်းအနားကို စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးဝန်းရှိ ဗဟိုမဏ္ဍပ်တွင် ဧပြီ ၁၃ ရက်(သင်္ကြန်အကြိုနေ့) ညနေ ၄ နာရီအချိန်က ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
ထို့နောက် နှစ်သစ်မင်္ဂလာနှုတ်ခွန်းဆက်စကားကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ထွန်းကပြောကြားပြီး တက်ရောက်လာကြသည့် ယိမ်းအကအလှပျိုဖြူများက "မန်းတောင် ရိပ်ခို"သီချင်းဖြင့် ကပြဖျော်ဖြေတင်ဆက်ကာ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်နှင့် နှစ်သစ်ကိုကြိုဆို ကြသည်။ ဆက်လက်၍ သင်္ကြန်ယိမ်းအကအဖွဲ့များက ကပြဖျော်ဖြေခဲ့ကြပြီး အခမ်းအနားသို့ ကြွရောက်လာကြသော ဌာနဆိုင်ရာဝန်ထမ်းများနှင့် သင်္ကြန်ချစ်ဧည့်ပရိတ်သတ်များကို သင်္ကြန်လက်ဆောင်မွန်ကံစမ်းမဲ ဖောက်ပေးခဲ့သည်။
ယခုနှစ်မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို မြန်မာ့ဓလေ့ထုံးတမ်းအစဉ်အလာနှင့်အညီ ရိုးရာမပျက်ထိန်းသိမ်းကြစေရန်နှင့် ပြည်သူများရွှင်လန်းချမ်းမြေ့စွာဖြင့်အတာရေသဘင်ပွဲကို ယဉ်ကျေးသိမ်မွေ့စွာပါဝင်ဆင်နွှဲနိုင်ကြစေရန်အတွက် ဝန်းသိုမြို့ဗဟိုရေကစားမဏ္ဍပ်တွင် မဟာသင်္ကြန်အကြိုနေ့မှအတက်နေ့ထိ ဖျော်ဖြေရေးအစီအစဉ်များနှင့် သင်္ကြန်ယိမ်းအကအဖွဲ့များက ကပြဖျော်ဖြေခြင်း၊ ဌာနဆိုင်ရာများမှစုပေါင်း၍ စတုဒိသာမုန့်များဖြင့် တည်ခင်းဧည့်ခံကျွေးမွေးခြင်းတို့ကို စည်ကားသိုက်မြိုက်ပျော်ရွှင်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ထွန်းထွန်း