ဘိုကလေးမြို့နယ်တွင် ၁၃၈၄ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှုအတာသင်္ကြန်ပွဲတော် ဖွင့်ပွဲစည်ကားသိုက်မြိုက်စွာကျင်းပ

ဘိုကလေး ဧပြီ ၁၄

နှစ်ဟောင်းကုန်လွန်၍ နှစ်သစ်သို့ကူးပြောင်းသော မြန်မာလူမျိုးတို့၏ ရိုးရာအတာသင်္ကြန်ပွဲတော်အား ရှေးမြန်မာမင်းများ အစဉ်အဆက်ကပင် ရိုးရာမပြတ်ကျင်းပပြုလုပ်ခဲ့ရာ ယခုနှစ်(၁၃၈၄)ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု အတာသင်္ကြန်ပွဲတော်ဖွင့်ပွဲကိုလည်း ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင်လည်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်ကြီးကြပ်မှုနှင့်အတူ မဟာသင်္ကြန် အကြိုနေ့ညနေ(၄)နာရီအချိန်၌ ဘိုကလေးမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနအနီးရှိ  အေးချမ်းခြင်းမြို့တော် ဗဟိုမဏ္ဍပ်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပဆောင်ရွက်သည်။

အတာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အနေဖြင့် ကဏ္ဍအလိုက်ပွဲတော်ဖြစ်မြောက်ရေး ကော်မတီများအား ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များဖြင့် ဖွဲ့စည်းထားရှိ တာဝန်ပေးအပ်ထားပြီး အေးချမ်းခြင်းမြို့တော်ဗဟိုမဏ္ဍပ်ဖွင့်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးကံဝင်းက နှစ်သစ်နှုတ်ခွန်းဆက်စကားပြောကြားခြင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့၊ ဥက္ကဋ္ဌ၊ ဒေါ်သီတာမျိုးနှင့် ယိမ်းသမများမှ မဏ္ဍပ်အားဖဲကြိုးဖြတ်ဖွင့်လှစ်ခြင်း၊ ဘိုကလေးမြို့နယ်၏ သင်္ကြန်ယိမ်းအဖွဲ့ (၁၅)ဖွဲ့တို့မှ ယိမ်းအကအလှများဖြင့် ဖျော်ဖြေတင်ဆက်ခြင်းတို့ဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပဆောင်ရွက်ခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဦးကံဝင်းနှင့်အဖွဲ့ဝင်များမှ မဏ္ဍပ်ဖွင့်ပွဲသို့ တက်ရောက်လာကြသူများ၊ ယိမ်းသမများ၊ ရေကစားပြည်သူများအား နံ့သာရေဖြင့် ပက်ဖြန်းခဲ့ကြကြောင်း သိရသည်။

ဘိုကလေးမြို့နယ်အနေဖြင့် မဟာသင်္ကြန်ပွဲတော် ပြီးဆုံး၍ နှစ်ဆန်း(၁)ရက်နေ့သို့ ရောက်ရှိသည့်အခါတွင်လည်း (၄၅)ဝါနှင့်အထက် သံဃာတော်များအား ပူဇော်ခြင်း၊ မြို့နယ်တွင်းရှိ သံဃာတော်များအား ဆွမ်းဆန်စိမ်းလောင်းလှူခြင်း၊ သက်ကြီးပူဇော်ပွဲ ကျင်းပခြင်း၊ ဇီဝိတဒါနအဖြစ် ငါးလွှတ်ခြင်း အစရှိသော ကုသိုလ်တော်ပြု လုပ်ငန်းများကိုလည်း ကျင်းပသွားမည်ဖြစ်ကြောင်း  တာဝန်ရှိသူများထံမှ သိရသည်။

မိုးစက်(ဘို ကလေး)