ဟားခါး ဧပြီ ၁၄
၁၃၈၄ ခုနှစ်၊ မြန်မာ့ရိုးရာနှစ်သစ်ကူးအတာသင်္ကြန်ပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက စစ်ဗျူဟာ (အခြေချ) ဟားခါးတပ်နယ်ရှိ မဟာသင်္ကြန်ပွဲတော်မဏ္ဍပ်၌ ကျင်းပရာ ချင်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် မျိုးထွဋ်လှိုင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ် ဦးဆွန်ဒုတ်ကျင်၊ဟားခါး တပ်နယ်မှ ဗိုလ်မှူးကြီး စောထွန်း၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ယိမ်းအဖွဲ့များ တက်ရောက်ကြသည်။
မြန်မာနှစ်သစ်ကူးအတာသင်္ကြန်ပွဲတော် ဖွင့်ပွဲအခမ်းအနားတွင် ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က မြန်မာလူမျိုးတို့သည် နှစ်သစ်ကူးပွဲတော်ကာလတွင် နှစ်ဟောင်းမှ မကောင်းမှု အညစ်အကြေးများကို ဆေးကြောသန့်စင်သည့်အနေဖြင့် တစ်ဦးက တစ်ဦးကို သိမ်မွေ့ညင်သာစွာ ရေစင်သွန်းလောင်းလျက်ရှိပါကြောင်း၊ မိမိတို့ မြန်မာလူမျိုးများသည် ယဉ်ကျေးသိမ်မွေ့ပြီး ပျော်ရွှင်ဖွယ်ရာ ကောင်းလှသည့် မဟာသင်္ကြန် အခါသမယတွင် တစ်ဦးနှင့်တစ်ဦး ချစ်ခင်ပျော်ရွှင်စွာ ရေစင်သွန်းလောင်းခြင်းနှင့်အတူ သတ္တဝါများကို ဘေးမဲ့လွတ်ပေးခြင်း၊ အလှူဒါနပြုခြင်း၊ ရဟန်းရှင်ပြုခြင်း၊ သက်ကြီးဝါကြီးများ အား အမွှေးနံ့သာရည် တရော်ကင်ပွန်းတို့နှင့် ခေါင်းလျှော်ပေးခြင်းနှင့် ကန်တော့ခြင်းစသည့် ကောင်းမှုကုသိုလ်များကို စေတနာသဒ္ဒါတရားထက်သန်စွာပြုလုပ်လေ့ရှိကြောင်း၊ မြန်မာတို့၏ မဟာသင်္ကြန်ပွဲတော် ရိုးရာဓလေ့ထုံးစံများမှာ အလွန်လေးစားဖွယ်ကောင်းသည့် ဓလေ့ထုံးစံဖြစ်သည့်အလျောက် တိမ်ကောပပျောက်မှု မရှိစေဖို့ ထိန်းသိမ်းလာခဲ့ပါကြောင်း၊ ယဉ်ကျေးမှုအဆင့်အတန်းမြင့်မားသည့် မြန်မာနိုင်ငံ၌သာ အခုလို ယဉ်ကျေးသိမ်မွေ့ပြီး ကောင်းမှုကုသိုလ်များဖြင့် ပြည့်ဝနေသည့် နှစ်သစ်ကူးသင်္ကြန်ပွဲတော်သည် ထူးခြားမွန်မြတ်စွာ တည်ရှိနေခဲ့ခြင်းဖြစ်ကြောင်း၊ ဒီလိုမြင့်မြတ်ပြီးယဉ်ကျေးသိမ်မွေ့တဲ့ စိတ်နေ သဘောထားကို ထင်ဟပ်နေသည့် မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်ရဲ့ အသွင်သဏ္ဍာန်နှင့် အနှစ်သာရကို ပိုမိုလေးနက် တည်တံ့စေရေးအတွက် ရိုးရာအစဉ်အလာမပျက် ထိန်းသိမ်းသွားရန်မှာ တိုင်းရင်းသား မြန်မာလူမျိုးအားလုံးတို့၏ တာဝန်ဖြစ်ကြောင်းဖြင့် မြန်မာ့ရိုးရာနှစ်သစ်ကူးအတာ သင်္ကြန်ပွဲတော် ဖွင့်ပွဲ ကြိုဆိုနှုတ်ဆက် အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဟန်ဝင်းအောင်၊ စီးပွားရေးရာဝန်ကြီး ဦးဟန်ကျင့်ဇမ်းနှင့် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိန်ထွန်းလှတို့က မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်ကို ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြသည်။
ယင်းနောက် ၁၃၈၄ ခုနှစ် မြန်မာ့ရိုးရာနှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်အား သင်္ကြန်မိုးသီချင်းဖြင့် ယိမ်းအဖွဲ့များက စုပေါင်းသီဆိုကပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများကယိမ်းအက အဖွဲ့များနှင့်ဧည့်ပရိသတ်များအား နံ့သာရည်၊ သပြေခက်များဖြင့် အတာရေပက်ဖျန်းပေးကြသည်။
ထို့နောက် ဖျော်ဖြေရေးအစီအစဉ်များ ဆက်လက်ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များက စစ်ဗျူဟာအဖွဲ့ (၂) ကိုယ်စားပြု “ ဇလပ်ချစ်သူယိမ်းအဖွဲ့”၏ ရက်မြတ်သင်္ကြန်သီချင်းဖြင့် လည်းကောင်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဌာနအဖွဲ့ (၂) ကိုယ်စားပြု “လှပျိုဖြူယိမ်းအဖွဲ့” ၏ နွေဦးကဗျာသီချင်းဖြင့် လည်းကောင်း၊ စီးပွားရေးရာဝန်ကြီးဌာနကိုယ်စားပြု “ ပိတော်ဝါယိမ်းအဖွဲ့ ” ၏ ဖြေးဖြေးပက်သီချင်းဖြင့် လည်းကောင်း၊ သယံဇာတရေးရာဝန်ကြီး၏ ကိုယ်ရေးအရာရှိ ဦးနိုင်သူလင်းမှ “ယိမ်းလှယိမ်းသူမလေးသီချင်းဖြင့် သီဆိုဖျော်ဖြေ၍ ယိမ်းလှပျိုဖြူများက လည်းကောင်း၊ ချင်းပြည်နယ် အစိုးရအဖွဲ့ရုံးကိုယ်စားပြု “ယမင်းရွှေစင်ယိမ်းအဖွဲ့” ၏ ရွှင်လန်းချမ်း မြေ့ပါစေသီချင်းဖြင့် လည်းကောင်း၊ တိုင်းရင်းသားရေးရာဝန်ကြီးဌာနကိုယ်စားပြု “ရွှေဝါဖူးယိမ်းအဖွဲ့”၏ ပိတောက်လက်ဆောင်သီချင်းဖြင့် လည်းကောင်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဌာန အဖွဲ့(၁)ကိုယ်စားပြု “ဧကရီယိမ်းအဖွဲ့”၏ ချစ်စရာ ဓလေ့ရိုးရာသီချင်းဖြင့်လည်း ကောင်း၊ လမ်းပန်း ဆက်သွယ်ရေးဝန်ကြီးဌာနကိုယ်စားပြု “ရဲသူဇာယိမ်းအဖွဲ့”၏ ရက်မြတ်သင်္ကြန်သီချင်းဖြင့် လည်းကောင်း၊ သယံဇာတရေးရာဝန်ကြီးဌာနကိုယ်စားပြု “ စိမ်းလန်းစိုပြေ သင်္ကြန်မယ်ယိမ်းအဖွဲ့”၏ ပိတောက်လက်ဆောင်သီချင်းဖြင့်လည်းကောင်း၊ လူမှုရေးရာဝန်ကြီးဌာနကိုယ်စားပြု “ပိတောက်ပွင့် လေးများယိမ်းအဖွဲ့”၏ နွယ်ဦးကဗျာသီချင်းဖြင့်လည်းကောင် ကပြဖျော်ဖြေတင်ဆက်မှုကို ကြည့်ရှု အားပေးခဲ့ကြပြီး ယိမ်းအဖွဲ့များအား ဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)