ကန့်ဘလူ ဧပြီ ၁၄
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူးကျင်းပသော မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေ ၄ နာရီခွဲအချိန်က ကန့်ဘလူမြို့ အမှတ်(၄) ရပ်ကွက် ဗိုလ်ချုပ်လမ်းအရှေ့ဘက် စည်ပင်သာယာခန်းမအနီးရှိ ဗဟိုမဏ္ဍပ်၌ ကျင်းပခဲ့သည်။
မဟာသင်္ကြန်ပွဲတော် ဖဲကြိုးဖြတ်ဖွင့်လှစ်ခြင်း အစီအစဥ်အရ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးရွှေအောင်၊ အမှတ်(၂)နည်းဗျူဟာမှူး ဗိုလ်မှူးကြီးသန်းစိုး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့အတွင်းရေးမှူး ဒုတိယရဲမှူးကြီးသောင်းထိုက်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၁)ဦးမောင်ဆန်းနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၂)ခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးခင်မောင်ဌေးတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး မြူမှောင်ဝေကင်း သီးချင်းဖြင့် ယိမ်းပျိုဖြူအကအဖွဲ့များက ကပြဖျော်ဖြေရာ ခရိုင်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက သပြေခက်ဖြင့် ယိမ်းပျိုဖြူအဖွဲ့များ၊ဧည်သည်တော်များအား အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်း ပေးကြသည်။
ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးရွှေအောင်က အမှာစကားပြောကြားရာတွင် မြန်မာ့ရိုးရာယဥ်ကျေးမှုအစဥ်အလာဖြစ်သည့် အတာသင်္ကြန်ပွဲတော်အကြောင်း၊ မဟာသင်္ကြန်ပွဲ တော်ကျင်းပပြုလုပ်ရခြင်းအကြောင်းနှင့် မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကျင်းပ ရေးဦးစီးကော်မတီ၏ နှစ်သစ်ကူးအကြို နှုတ်ခွန်းဆက်သဝက်လွှာကို ဖတ်ကြားခဲ့သည်။
ထို့နောက် မဟာသင်္ကြန်ပွဲတော်တွင် ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာ အကအလှအဖွဲ့များနှင့် ပြိုင်ပွဲဝင် ယိမ်းပျိုဖြူအဖွဲ့( ၅)ဖွဲ့တို့က တစ်လှည့်စီ ကပြဖျော်ဖြေ ယှဥ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
အောင်ဝင်းငြိမ်း (ကန့်ဘလူ)