မြဝတီမြို့၌ မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်နှင့်ဗဟိုမဏ္ဍပ်ဖွင့်ပွဲအခမ်းအနား စည်ကားသိုက်မြိုက်စွာ ကျင်းပ

မြဝတီ ဧပြီ ၁၄

ကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ်(၄)ရပ်ကွက်၊ မြစန္ဒီပန်းခြံတွင် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်နှင့် မဟာသင်္ကြန် ဗဟိုမဏ္ဍပ်ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ ညနေ ၅ နာရီက စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးတင့်က အဖွင့်အမှာစကားပြောကြားပြီး ၁၃၈၄ ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်အား ဖွင့်လှစ်ပေးသည်။

ထို့နောက် ၁၃၈၄ ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်နှင့်ဗဟိုမဏ္ဍပ်အား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးတင့်၊ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး နိုင်ဝင်း၊ အဖွဲ့ဝင်(၂) ဦးစိန်သောင်း၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး အောင်ထက်ဝင်း၊ လူဝင် မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန၊ မြဝတီခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးရဲဇင်လတ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေး မှူး ဦးသက်လွင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။

ဆက်လက်၍ မြူမှုန်ဝေကင်း၊ မန်းတောင်ရိပ်ခို သီးချင်းတို့ဖြင့် ယိမ်းအဖွဲ့များမှ စုပေါင်း ကပြဖျော်ဖြေကြပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးတင့်နှင့် တာဝန်ရှိသူများက အတာရေများ လိုက်လံပတ်ဖျန်းပေးခဲ့ပြီး ယိမ်းအကအဖွဲ့များမှ ဆက်လက်ဖျော်ဖြေတင်ဆက်ခဲ့ကြောင်း သိရသည်။

ထိန်လင်းအောင်(ပြန်/ဆက်)